နေပြည်တော် စက်တင်ဘာ ၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ကော်မတီဝင်များဖြစ်ကြသော ဦးထွန်းထွန်းနှင့် ဦးခွန်နေထွန်းဦး၊ တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် နဝဒေးရပ်ကွက်ရှိ နှင်းဆီလမ်း၊ ပြည်လမ်း၊ ပြည်(၁)လမ်း၊ ခတ္တာလမ်း၊ ခတ္တာ(၁)လမ်း၊ အောင်ပန်းလမ်းနှင့် တောင်ကြီးလမ်းတို့တွင် အဓိကရေထုတ်မြောင်းနှင့် လမ်းဘေးရေမြောင်းများအတွင်း ရေစီးရေ လာကောင်းမွန်စေရေးအတွက် စက်ယန္တရားများအသုံးပြု၍ ဆယ်ယူရှင်းလင်းနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇမ္ဗူသီရိမြို့နယ်အမှတ်(၈) အခြေခံ ပညာအထက်တန်းကျောင်း၌ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော် ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ဟောပြောပွဲသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီလူငယ်ရေးရာ ကော်မတီဝင်များ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဟောပြောပွဲတွင် ဒုတိယဝန်ကြီး ဦးဇင်မင်းထက် က လူငယ်များဘဝ ဖွံ့ဖြိုးတိုးတက် ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က လူငယ်နှင့်မျိုးချစ်စိတ်ဓာတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး က ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း ဟောပြောဆွေးနွေးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)နှင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုးတို့အား ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး ဒုတိယဝန်ကြီး ဦးဇင်မင်းထက် က အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံပေး အပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယမင်းသူ က လက်ခံရယူသည်။
ဟောပြောပွဲအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်များကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြ ကျေးရွာ Community ခန်းမတွင် ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ အမှာစကားပြောကြားသည်။
ထို့နောက် တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းညွန့်က ၂၀၂၄-၂၀၂၅ ခုနှစ် မိုး/မိုးနှောင်း ချည်မျှင်ရှည်ဝါသီးနှံ အထူးဇုန် စိုက်ပျိုးထားရှိမှု၊ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ချည်မျှင်ရှည်ဝါစိုက် ပျိုးပြီးစီးမှုနှင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးထားရှိမှု၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးနှင့် မိုးနှောင်း ချည်မျှင်ရှည်ဝါ လျာထားချက်ပြည့်မီရန် ကျန်ရှိသည့်ဧကအပေါ် အခက်အခဲများနှင့် ဆက်လက်စိုက်ပျိုးမည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အေးချမ်းသာစံပြ ကျေးရွာရှိ စက်ရက်ကန်းအလုပ်ရုံ၏ လုပ်ငန်းလည်ပတ်နေမှုကိုလည်းကောင်း၊ ညောင်တုန်းအိုင် ကျေးရွာအုပ်စု ကွင်းအမှတ် ၂၀၂၁၊ တောင်သူ ဦးဇော်ဦး၏ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးနှင့် မိုးနှောင်း ချည်မျှင်ရှည်ဝါအထူးဇုန် စိုက်ခင်းကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး တပ်ကုန်းမြို့ သီတာအေးကျောင်းတိုက်၌ အေးချမ်းသာစံပြအုပ်စုအတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော် ကြီးများအား ဖူးမြော်ကြည်ညိုကာ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


