မောင်သံငြိမ်း
မိမိတို့နိုင်ငံသားများ ၂၀၁၁ ခုနှစ် နောက်ပိုင်းကာလများမှစတင်၍ နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု၊ နိုင်ငံခြားသို့ သွားရောက်မှု ပိုမိုများပြားလာပါသည်။ နိုင်ငံတော်တာဝန်ဖြင့် သွားရောက်ရခြင်း၊ မိမိအစီအစဉ်ဖြင့် သွားရောက်ရခြင်း အမျိုးမျိုးရှိကြရာ နိုင်ငံ့တာဝန်ဖြင့် သွားရောက်ရခြင်း၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ အဖွဲ့ဝင်အဖြစ် သွားရောက်ရခြင်းသည် မိမိနိုင်ငံကို ကိုယ်စားပြု သွားရောက်ရခြင်းဖြစ်သဖြင့် ပိုမိုတာဝန်ကြီးပါသည်။ မိမိ၏ ဝတ်စားဆင်ယင်မှုမှအစ အပြောအဆို၊ အပြုအမူ လှုပ်ရှားမှုသည် မိမိကိုသာမက ကိုယ်စားလှယ်အဖွဲ့နှင့် အဆုံးစွန်အနေဖြင့် နိုင်ငံကိုပါ ရောင်ပြန်ဟပ်စေပါသည်။ လူမျိုးအမည်တပ်၍ သုံးသပ်ပြောဆိုလာနိုင်ပါသည်။
မိမိတို့ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုကို မြတ်နိုးတန်ဖိုးထားပြီး နိစ္စဓူဝ ဝတ်ဆင်ကြသူများရှိရာ ကမ္ဘာပေါ်ရှိ လူမျိုးအနည်းငယ်တွင် မြန်မာနိုင်ငံသားများ ဂုဏ်ယူဖွယ်ရာ ပါဝင်လျက်ရှိပါသည်။ အများစုက ရှပ်အင်္ကျီ၊ ပုဆိုး၊ ထဘီ၊ ရိုးရာအင်္ကျီနှင့် တိုက်ပုံအင်္ကျီ စသည်များကို ဝတ်ဆင်ကြသည်။ လုပ်ငန်းသဘောအရ လိုအပ်သူများက ဘောင်းဘီ ဝတ်ကြပါသည်။ မြန်မာနိုင်ငံသားများ၏ ရိုးရာဓလေ့ ဝတ်စားဆင်ယင်မှုအပေါ် ခုံမင်၊ မြတ်နိုးမှုကို နိုင်ငံခြားသားများက အံ့ဩချီးမွမ်းကြပါသည်။ ရာသီဥတု၊ ရေ၊ မြေ၊ သဘာဝနှင့်ကိုက်ညီမှုရှိသော ဝတ်စားဆင်ယင်မှုဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးအချို့က ၎င်းတို့ သံတမန်ဝန်ထမ်းများ ပုဆိုး၊ လုံချည်ဝတ်ဆင်ရန် (Longyi Day)နေ့ တစ်နေ့ သတ်မှတ်ဝတ်ဆင်ကြသည်ဟု ကြားဖူးပါသည်။
ဝတ်စားဆင်ယင်မှုဓလေ့
မြန်မာနိုင်ငံသားများ၏ ဝတ်စားဆင်ယင်မှု ဓလေ့မှာ ပြည်တွင်း၌ ပုဆိုး၊ တိုက်ပုံ ဝတ်ဆင် ကြပြီး နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်သည့် အခါ အမျိုးသားများအတွက် အနောက်တိုင်းဝတ်စုံ ဝတ်ဆင်၍သွားရောက်ကြရပါသည်။ အမျိုးသမီး များမှာ ရိုးရာ၊ ထဘီ၊ အင်္ကျီများကို ဝတ်စားဆင်ယင် သွားရောက်ကြလေ့ရှိပါသည်။ မြန်မာအမျိုးသမီး များ၏ ဂုဏ်ယူဖွယ်ရာ ဝတ်စားဆင်ယင်မှုဓလေ့ကို ကမ္ဘာက လေးစားကြပါသည်။ ဟီရိဩတ္တပ္ပတရားနှင့်အညီ တည်ရှိနေသော မြန်မာအမျိုးသမီးများ၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုမှာ ကမ္ဘာတွင် ချီးမွမ်းဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။ ကျက်သရေမင်္ဂလာနှင့်လည်း ပြည့်စုံပါသည်။
မြန်မာအမျိုးသားများက နေ့စဉ် ပုဆိုး၊ တိုက်ပုံ ဝတ်ဆင်လှုပ်ရှားနေရာမှ နိုင်ငံခြားသို့သွားလျှင် အနောက်တိုင်းဝတ်စုံကို တစ်ခါတစ်ရံ ဝတ်ဆင်ရသည့်အခါ စနစ်တကျ “အထာကျ” ရန် သတိပြုရပါသည်။ ယနေ့ခေတ်အခါလို ရုပ်မြင်သံကြား၊ အင်တာနက်မှ သတင်းများ၊ ရုပ်ရှင်များ လွယ်လင့်တကူ ဖမ်းယူကြည့်ရှုနိုင်ချိန်တွင် မိမိနှင့်အကျွမ်း တဝင်မရှိသော ဝတ်စားဆင်ယင်မှု၊ ဓလေ့စရိုက်များကို ကြည့်တတ်ရန်၊ မြင်တတ်ရန်နှင့် သင့်လျော်သလို ပြင်တတ်ရန် လိုအပ်ပါသည်။
ကျွန်တော့်အနေဖြင့် ထိတွေ့လှုပ်ရှားရာမှ ရရှိခဲ့သော အတွေ့အကြုံ၊ ဝါသနာအလျောက် လေ့လာဖတ်ရှုခဲ့ရသည့် စာအုပ်စာတမ်းများမှ ရရှိသည့် ဗဟုသုတကို မျှဝေခံစား အကြံပြုလိုပါသဖြင့် ဤဆောင်းပါးကို ရေးသားတင်ပြခြင်း ဖြစ်ပါသည်။
နိုင်ငံတော်၏ ကျေးဇူးကြောင့် ၁၉၆၅ ခုနှစ်ကပင် နိုင်ငံခြားသို့ ပထမဆုံးသွားရောက်ခဲ့ဖူးပါသည်။ စစ်ရေယာဉ်ဖြင့် လုပ်ငန်းအရ သွားရောက်ခြင်းဖြစ်၍ ခြောက်လကြာ ကာလအတွင်း စစ်ဝတ်စုံမှ တစ်ပါး အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ရခြင်းမရှိပါ။ ဒုတိယအကြိမ်က ၁၉၇၈ ခုနှစ်တွင်ဖြစ်သည်။ နယ်ဘက်တာဝန်ထမ်းဆောင်စဉ်ဖြစ်၍ နိုင်ငံခြား တွင် အနောက်တိုင်းဝတ်စုံဖြင့် လှုပ်ရှားရသည်။ မေးရင်းမြန်းရင်း တတ်သမျှ ပြင်ဆင်ဝတ်စားသွား ပါသည်။ နိုင်ငံခြားရောက်ပြီး ပထမနေ့တွင် လူကြီးနှင့်အတူ ဓာတ်လှေကားစီးလာရာ လူကြီးက “ကိုသံငြိမ်း၊ ကုတ်အင်္ကျီက၊ အောက်ကြယ်သီး ဖြုတ်ထား”ဟု ဆိုပါသည်။ ကုတ်အင်္ကျီရှိကြယ်သီး နှစ်လုံးစလုံး တပ်ထား၍ လူကြီးပြောသည့်အတိုင်း၊ အောက်ကကြယ်သီးကို ဖြုတ်လိုက်ပါသည်။ သူ့ကို ကြည့်တော့လည်း အပေါ်ကြယ်သီးတစ်လုံးသာ တပ်ထားသည်။ မှတ်သားထားပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်တော့ တစ်ဦးစနှစ်ဦးစကလွဲလျှင် အားလုံး ကြယ်သီးတစ်လုံးသာ တပ်ကြသည်။ ကျွန်တော်က နယ်ဘက်ဝန်ကြီးဌာနရောက်ပြီး လပိုင်းအတွင်း လူကြီးခေါ်သဖြင့် နိုင်ငံခြားသို့ လိုက်ပါရခြင်းဖြစ်ရာ ကာလတိုအတွင်း အခြားကိစ္စများ လေ့လာနေရသဖြင့် ဝတ်စားဆင်ယင်မှုကို မလေ့လာရသေးပါ။ ထိုနေ့မှစ၍ လေ့လာရပါပြီ။ အချို့ကိစ္စများ ကြည့်တတ်ပါပြီ။ လေ့လာဖွယ်ရာ အများအပြား ရှိနေကြောင်း သိလိုက်ရပါသည်။ မည်သူရှိ၍၊ သိ၍ပြင်တတ်လာပြီး ယခုကဲ့သို့ ပြန်လည်မျှဝေနိုင်ခြင်း ဖြစ်ပါသည်။
မှန်ပါသည်။ ကြည့်တတ်၊ လေ့လာတတ်ရာမှ အနည်းငယ် မြင်တတ်လာပါသည်။ အနောက်တိုင်းဝတ်စုံ ကုတ်အင်္ကျီဝတ်ရာတွင် ကြယ်သီးနှစ်လုံး တပ်ရသည့် ကုတ်အင်္ကျီ၊ သုံးလုံးတပ်ရသည့် ကုတ်အင်္ကျီ၊ နှစ်ထပ်ရင်ဖုံးဖြင့် ကုတ်အင်္ကျီအမျိုးမျိုး ရှိကြပါသည်။ ကြယ်သီးနှစ်လုံးပါ ကုတ်အင်္ကျီတွင် ဆိုခဲ့သည့်အတိုင်း အပေါ်ကြယ်သီးတစ်လုံးတည်း ကို တပ်ရပါသည်။ တစ်လုံးတည်းတပ်ရသည်ဆို၍ အောက်ကြယ်သီးတစ်လုံးတည်းကို တပ်ရန်မဟုတ်ပါ။
ကြယ်သီးသုံးလုံးပါ ကုတ်အင်္ကျီကိုဝတ်လျှင် ကြယ်သီးတစ်လုံးတည်း တပ်လိုပါက အလယ်က ကြယ်သီးတစ်လုံးသာ တပ်ပါသည်။ အခြားကြယ်သီးများ မတပ်ပါ။ အပေါ်ဆုံးကြယ်သီးကို တပ်လိုပါက အလယ်ကြယ်သီးနှင့်အတူ တပ်ရပါသည်။ အောက်ဆုံးကြယ်သီး လုံးဝတပ်ရန်မလိုပါ။ မတပ်ကြပါ။ ကြည့်လျှင်မြင်ပါလိမ့်မည်။
ကြယ်သီးနှင့်ပတ်သက်၍ အထာတစ်ခု
နှစ်ထပ်ရင်ဖုံး (Double Breast) ကုတ်အင်္ကျီ အကြောင်း ပြောရလျှင် အမျိုးသားဝတ်အင်္ကျီမှာ လက်ဝဲဘက် ရင်ဘတ်အခြမ်းက အပေါ်ကထပ်ရပြီး လက်ယာဘက် ရင်ဘတ်အခြမ်းတွင် ကြယ်သီးရှိပါသည်။ ရှေးခေတ်ကကြယ်သီး နှစ်လုံးအင်္ကျီ အဝတ်များပြီး ကြယ်သီးနှစ်လုံးတပ် ကုတ်အင်္ကျီတွင် အပေါ်ကြယ်သီးတစ်လုံးသာ တပ်ရကြောင်း သတိပြုစေလိုပါသည်။ ယခုအခါ ကြယ်သီးတစ်လုံးပါ ကုတ်အင်္ကျီ အဝတ်များပါသည်။ ကြယ်သီးနှင့် ပတ်သက်၍ အထာတစ်ခုမှာ မတ်တပ်ရပ်စဉ် ကြယ်သီးတပ်ရန်၊ ထိုင်စဉ် ကြယ်သီးဖြုတ်ထိုင်လေ့ ရှိကြပါသည်။ မတ်တပ်ထလျှင်ပြန်တပ် အလုပ်တော့ များပါသည်။ ဒီနေရာ ကြယ်သီးပဲရှိလျှင် တပ်တော့ ဘာဖြစ်လဲဆိုငြားအံ့၊ သင်နေ့စဉ်ဝတ်နေသော ကော်လံပါရှပ်အင်္ကျီ အပေါ်ဆုံးလည်ပင်းက ကြယ်သီးကို ဘာကြောင့် မတပ်ကြသနည်း၊ စောဒက တက်ရပါမည်၊ အများလက်ခံသည့်ဓလေ့ကို ပြောရခြင်း ဖြစ်ပါသည်။
အမျိုးသားအင်္ကျီ၊ အမျိုးသမီးအင်္ကျီကို ကြယ်သီးဖြင့် ခွဲခြားမှုလည်း ရှိပါသည်။ လက်ယာဘက်အခြမ်းမှာ ကြယ်သီးရှိပြီး လက်ဝဲဘက်အခြမ်းမှာ ကြယ်သီး ပေါက်ရှိသည်က အမျိုးသားအင်္ကျီ၊ အမျိုးသမီး ဝတ်ကြသောအင်္ကျီမှာ ကြယ်သီးက လက်ဝဲဘက် အခြမ်းမှာ၊ ကြယ်သီးပေါက်က လက်ယာအခြမ်းမှာ ဖြစ်သည်။ မှားမဝယ်ဖြစ်ဖို့ လွန်စွာအရေးကြီးပါသည်။
အမျိုးသမီးဝတ်အကြောင်း အမှတ်တရ ရေးရလျှင် သုံးဆယ့်ငါးနှစ်ခန့်က အနောက်နိုင်ငံကြီးတစ်ခုတွင် တာဝန်ထမ်းဆောင်စဉ် မြန်မာကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ ရောက်လာပါသည်။ ဆောင်းတွင်းကာလကြီးဖြစ်ပြီး တစ်လခန့် နေရမည်ဖြစ်သဖြင့် အနွေးထည် လုံလုံလောက်လောက်ပါရဲ့လား၊ ကျန်းမာရေးက အရေးကြီးသည် စသည်ဖြင့် အကြံပြုရင်း မေးမြန်းရာ ပါလာသည့်အနွေးထည် မလုံလောက် ကြောင်း သိရပါသည်။ အနွေးထည်အသစ်များ ဝယ်လျှင် ဈေးကြီးသဖြင့် တစ်ပတ်ရစ် အနွေးထည် ဆိုင်ကိုညွှန်ပြ၍ ဝယ်ဝတ်ရန် ပြောခဲ့ပါသည်။ တစ်ပတ်ခန့်အကြာ ကျွန်တော့်အကြံပြုချက်ကို အလေးထားသည့်အနေဖြင့် ၎င်းတို့ဝယ်ထားသည့် အနွေးထည်များဝတ်၍ လာပြကြပါသည်။ သုံးဦးက အမျိုးသားဝတ်အင်္ကျီများဖြစ်ကြပြီး နှစ်ဦးက အမျိုးသမီးဝတ် ဖြစ်နေပါသည်။ မသိ၍ဝယ်လာခြင်း ဖြစ်ပါသည်။ “ဆရာနှစ်ယောက်၊ ခင်ဗျားတို့ ဒီအင်္ကျီ ဝတ်ထားရင် နောက်က လိုက်လိမ့်မယ်”ဟု သတိပေးပြီး ပြန်လဲခိုင်းရပါသည်။ အကျွမ်းတဝင်လေ့လာမှု မရှိတော့လည်း မှားပေမပေါ့။ ကြယ်သီးနှင့် ဘယ်ထပ်/ညာထပ်မှာ သိသာပါသည်။
အရောင်ရင့်ရင့်ဝတ်စုံများ ရွေးချယ်
အနောက်တိုင်းဝတ်စုံဝတ်ရာတွင် အရောင်နှင့် အတို၊ အရှည်ကလည်း သတိပြုဖွယ်ရာပင်။ ကျွန်တော်တို့က အနောက်တိုင်းဝတ်စုံကို အမြဲဝတ် ရန်မလို။ တစ်ခါတစ်ရံ တာဝန်ဖြင့် နိုင်ငံခြားသွားမှ ဝတ်ရသည်။ အထည်များများ ချုပ်ထားရန်လည်း မလိုပါ။ သို့ဖြစ်၍ ဝတ်စုံချုပ်ရာတွင် အရောင်ရင့်ရင့် ဝတ်စုံ (Dark Suit) များ ရွေးချယ်ချုပ်၍ ဝတ်ဆင်သင့်ပါသည်။ နက်ပြာရောင်၊ မီးခိုးရင့်ရောင် (Charcoal grey)၊ အနက်ရောင်များ အသုံးတည့်ပါသည်။ တရားဝင်သွားရောက်ခရီးသည် ချစ်ကြည် ရေးခရီးမျိုးတွင် အရောင်နုဝတ်စုံများ မဝတ်သင့်ပါ။ အရောင်ရင့်ဆို၍ အစိမ်းရင့်၊ အညိုရင့် စသည်များလည်း ဝတ်လေ့မရှိပါ။ ရှိတာလေးနှင့် လှအောင် ဝတ်ရမည်ဖြစ်၍ စဉ်းစားသင့်ပါသည်။ သတိမထားသည့် သံတမန်များလည်း ရှိတတ်ပါသည်။ သို့ဖြစ်၍ အထည်နည်းနည်းဖြင့် ဘေးအကင်းဆုံးက အရောင် ရင့်ဝတ်စုံများပင်ဖြစ်ကြောင်း အကြံပြုလိုပါသည်။ တွေ့နေကျအရောင်များမဟုတ်လျှင် ရုပ်မြင် သံကြား၊ ဓာတ်ပုံများတွင် ထင်းခနဲ ပေါ်နေတတ်ပါသည်။
ကုတ်အင်္ကျီမှာ အရောင်သာမက အတိုအရှည်ကလည်း အရေးကြီးပါသည်။ ကုတ်အင်္ကျီ၏အရှည်မှာ ကုတ်အင်္ကျီဝတ်ပြီး လက်ကိုဘေးဆန့်ချထားပါ။ လက်ဖဝါးမှ လက်ဆစ်နှစ်ဆစ်ချိုးရာတွင် ၎င်းချိုးထားရာ လက်ဆစ်အတွင်း ကုတ်အင်္ကျီ၊ အောက်အနား ရှိသင့်ပါသည်။ နောက်ပြီး ကုတ်အင်္ကျီ လက်အရှည် ကလည်း လက်ဖမိုးအထိ ဖုံးမနေသင့်ပါ။ လက်ဆန့် တန်းချထားလျှင် အတွင်းက ရှပ်အင်္ကျီလက်အနား အနည်းငယ်ပေါ်နိုင်သည့် အရှည်သာရှိသင့်ပါသည်။ လုံးဝဖုံးမနေသင့်ပါ။ ဘောင်းဘီကမကျပ်လွန်း၊ မပွလွန်း၊ မတိုလွန်း၊ မရှည်လွန်း သတိပြုရပါမည်။
မပေါ်လွင် မထင်ရှားသည့် အစင်းသေးသေး ရှပ်အင်္ကျီများ
ရှပ်အင်္ကျီနှင့်ပတ်သက်၍လည်း မပေါ်လွင် မထင်ရှားသည့် အစင်းသေးသေး ရှပ်အင်္ကျီများ ဝတ်ဆင်လေ့ရှိပါသည်။ ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား အကွက်အစင်းများ တောက်ပသောအရောင်ရှိ အင်္ကျီများကို တရားဝင်အခမ်းအနားများတွင် ဝတ်လေ့မရှိပါ။ အခြား နိုင်ငံအကြီးအကဲများအချို့မှာ အင်္ကျီလက်အနားခေါက်၍ လက်ကြယ်သီးဖြင့် ဝတ်ရသော (French Cuff) အင်္ကျီကို ဝတ်လေ့ရှိကြပါသည်။ ရှပ်အင်္ကျီဝတ်၍ လည်စည်းစီးရာတွင်လည်း စမူဆာပုံကို အပေါ်ဆုံးအထိ ဆွဲတင်ရန်နှင့် အပေါ်ဆုံး လည်ပင်းကြယ်သီးတပ်ရန် မမေ့စေလိုပါ။ လည်ပင်းကျပ်နေလျှင်တော့ သင့်ရာလည်ပင်း အကျယ်ရှိ အင်္ကျီကို သုံးရပါမည်။
ဖိနပ်က အနက်ရောင်ဖြစ်ပြီး ခြေအိတ်က အဖြူ၊ အရောင်နု၊ အစင်းကြားများ မဖြစ်သင့်ပါ။ အနက်ရောင်သာ အကောင်းဆုံးဖြစ်ပါသည်။ အနက်ရောင်ကိုသာ အများသုံးကြကြောင်း မြင်တွေ့ကြရပါသည်။ မသင့်သည့်အရောင်၊ အစင်းအကြားသုံးလျှင် ဒီခေတ်မှာ ချက်ချင်းမြင်သာပါသည်။ ကုလားထိုင်မှာ ထိုင်သည့်အခါ၊ ဘောင်းဘီအောက်အနားက အပေါ် တက်သွားတတ်သဖြင့် ခြေအိတ်တိုလျှင် အထဲက ခြေသလုံးသားပေါ်လာပါမည်။ အသားပေါ်သည် အထိ မတိုသင့်ပါ။ ခြေအိတ်အရှည်ရနိုင်ပါသည်။ အပေါ်က အနောက်တိုင်းဝတ်စုံပြည့်နှင့် လမ်းလျှောက် ဖိနပ် (Walking Shoe) ဝတ်ဆင်ခြင်းများ တွေ့ဖူး၍ ရှောင်ရှားသင့်ပါသည်။ ရာသီဥတုအေးသည့် နိုင်ငံ သွားလျှင် ဒူးဆစ်အနားအထိရှည်သည့် (Knee High) ခြေအိတ်မျိုးသုံးရပါသည်။ မြန်မာနိုင်ငံတွင် ဝယ်၍ရပါသည်။
အနောက်တိုင်းဝတ်စုံဝတ်ရာတွင် နက်ကတိုင် လည်စည်း၏ အတိုအရှည်ကိုလည်း သတိပြုရပါမည်။ လည်စည်းစီးလျှင် အသုံးများသည့် ပုံစံအတိုင်း စည်း၍ အရှည်က ခါးပတ်ခေါင်းကိုထိသည်အထိ ရှည်ရန်လိုပါသည်။
တိုနံ့နံ့ဖြင့် မစည်းရန်နှင့် လည်ပင်းကြယ်သီးဖုံးသည်အထိ ဆွဲတင်ထားရန် လိုအပ်ပါသည်။ လျော့ရဲရဲ ထုံးထားသည့် လည်စည်းဖြင့်ပုဂ္ဂိုလ်ကို မျက်နှာချင်း ဆိုင် တွေ့ဆုံနှုတ်ဆက်လျှင် သင့်စိတ်ထဲ မည်သို့ ရှိပါမည်နည်း။
အပေါ်အောက်အရောင်တူသည့် ရုံးတက် ရုံးဆင်းဝတ်စုံ
အနောက်တိုင်းဝတ်စုံတွင် (Lounge Suit) ခေါ် အပေါ်အောက်အရောင်တူသည့် ရုံးတက် ရုံးဆင်းဝတ်စုံ(Office Attire) ပိုမိုတရားဝင်ဆန်သည့် ဝတ်စုံမျိုးဝတ်ကြပါသည်။ Sports Jacket နှင့် Blazer ခေါ် အထက်အောက် အင်္ကျီ၊ ဘောင်းဘီ၊ အရောင်မတူညီဘဲဝတ်သည့် ဝတ်စုံမျိုးလည်းရှိပါ သည်။ Sports Jacket ကို အင်္ကျီကနက်ပြာ သို့မဟုတ် အနက်ရောင်နှင့် အောက်ကဘောင်းဘီ မီးခိုးရောင် သို့မဟုတ် အင်္ကျီမီးခိုးရောင်နှင့် ဘောင်းဘီအနက်၊ အင်္ကျီက ရွှေရောင်၊ ငွေရောင် ကြယ်သီးဖြင့် တွဲဝတ်လေ့ရှိသည်။ Lounge Suit ကဲ့သို့ တရားဝင်မလေးနက်သော်လည်း ရုံးဆင်း ရုံးတက် လက်ခံကြသည်။ ခရီးသွားစဉ် ဝတ်ကြပါသည်။ Blazer က တူညီဝတ်စုံမှ ခွဲထုတ်ဝတ်ဆင် ရန်မဟုတ်ပါ။ သို့ရာတွင် သဘောကိုနားမလည်ဘဲ ဟိုဝတ်စုံကအင်္ကျီနှင့် ဒီဝတ်စုံက ဘောင်းဘီတွဲ၍ ယင်းသို့ ဖားတစ်ပိုင်းငါးတစ်ပိုင်း ဝတ်နေကြောင်း တွေ့ရပါသည်။ ဝတ်လာလေ့ရှိကြောင်း တွေ့ရပါ သည်။ ဝတ်စုံပျက် ဝတ်လာကြောင်းကို သိသာနိုင်ပါ သည်။ ကြယ်သီးအစ ကွဲပြားကြောင်း သတိမမူမိကြပါ။ Sport Coat ဝတ်လျှင် ဝတ်ပါ။ အထက်အောက် အရောင်တူဝတ်စုံဝတ်လျှင် အရောင်တူရန် သတိထားရပါမည်။
ကြည့်တတ်၊ မြင်တတ်၊ ပြင်တတ်စေရန် အနောက်တိုင်းဝတ်စုံ ကိစ္စတင်ပြရင်း၊ လက်ဆွဲ နှုတ်ဆက်ခြင်းကိစ္စ တင်ပြလိုပါသည်။ လက်ဆွဲ နှုတ်ဆက်ခြင်းမှာ အနောက်တိုင်းဓလေ့ ဖြစ်ပါသည်။ အနောက်တိုင်းဓလေ့ကို အနောက်နိုင်ငံသားများလို နှုတ်ဆက်တတ်ရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံသားများက ယဉ်ကျေးသည်ဟု ပြောပြော၊ အားနာတတ်သည်ဟုပြောပြော လက်ဆွဲ နှုတ်ဆက်ရာတွင် အားနည်းချက်များရှိပါသည်။ အထူးသဖြင့် ရာထူး ဂုဏ်ရှိန်မြင့်သူနှင့် နှုတ်ဆက်ရာတွင် မှားတတ်ပါသည်။ မိမိနိုင်ငံသားအချင်းချင်း လက်ဆွဲနှုတ်ဆက်ရာတွင် အားနည်းချက်များရှိပါ သည်။ ရိုးရာဓလေ့အရ ဂါရဝတရား ရှေ့ထား ဆောင်ရွက်သည်ကထားတော့ နိုင်ငံခြားသားနှင့် နှုတ်ဆက်ရာတွင် နည်းမှန်လမ်းမှန် ဖြစ်သင့်ပါသည်။
ဘာသာအယူဝါဒအရ အမျိုးသမီးများက လက်ဆွဲနှုတ်ဆက်လေ့မရှိသည့်နိုင်ငံများ
လက်ဆွဲနှုတ်ဆက်လျှင် နှုတ်ဆက်မည့်ပုဂ္ဂိုလ်၏ မျက်နှာကို တည့်တည့်ကြည့်၍ လက်ဖဝါးနှစ်ဖက်ကို တင်းကျပ်လွန်းခြင်း လျော့ရဲလွန်းခြင်းမရှိစေဘဲ ထိတွေ့ ကိုင်တွယ်ရပါမည်။ တင်းကျပ်လွန်းသည် ဆိုရာဝယ် ဖိညှစ်ထားရန် မလိုသကဲ့သို့ စိတ်မပါ သကဲ့သို့ ဝတ်ကျေတန်းကျေလျော့ရဲစွာ မထိတွေ့ရန်လည်း လိုအပ်ပါသည်။ အမျိုးသမီးများနှင့် လက်ဆွဲနှုတ်ဆက်ရာတွင် တင်းတင်းကျပ်ကျပ် ဆုပ်မထားရန် သတိပြုရပါသည်။ ဘာသာအယူဝါဒအရ အမျိုးသမီးများက လက်ဆွဲနှုတ်ဆက်လေ့မရှိသည့် နိုင်ငံများရှိပါသည်။ အခြေအနေကို သိရှိသုံးသပ် ဆောင်ရွက်တတ်ရပါမည်။ ကျွန်တော်တို့ မှားတတ် သည်က နှုတ်ဆက်သူကို မကြည့်၊ အချို့က ခေါင်းငုံ့ထား၍ နှုတ်ဆက်တတ်သည်၊ လက်ဆွဲနှုတ်ဆက် သည့် ယာဘက်လက်ကောက်ဝတ်ကို ဘယ်လက်ဖြင့် ဆုပ်၍လည်းကောင်း၊ ယာဘက်တံတောင်ဆစ်ကို ဘယ်လက်ဖြင့်ထိကိုင်၊ ပင့်မ၍လည်းကောင်း၊ ရွံ့တွန့်တွန့်အမူအရာဖြင့် နှုတ်ဆက်တတ်ခြင်းက မှားနေပါသည်။ ကြည့်၍ မြင်၍၊ ပြင်တတ်ပါစေ။
ဆောင်းပါးရှင်အနေဖြင့် ဝါသနာပါ၍ လေ့လာ ရရှိသည်များကို ဤမျှသာ မျှဝေလိုပါသည်။ ဓလေ့၊ ထုံးစံ၊ အထာများကလည်း များပါသည်။ ကြည့်တတ်၊ မြင်တတ်၊ ပြင်တတ်စေရန် အကျဉ်းမျှသာ ဖော်ပြရခြင်းဖြစ်ပါသည်။ ဝတ်စားဆင်ယင်မှုအပြင် စားပွဲ ပေါ်မှ ဇွန်း၊ ခက်ရင်း၊ ဖန်ခွက်၊ ပန်းကန်ခွက်ယောက် အခေါ်အဝေါ် ဓလေ့ထုံးစံ စသည်များဖြင့် လေ့လာ လိုလျှင် လေ့လာသင့်သည့် အချက်အလက်များစွာ ရှိပါမည်။ Dress code, table manners, Etiquette များဖြစ်ပါသည်။
ဤဆောင်းပါးပါ အကြောင်းအရာများကို သိပြီးသူ အများအပြားရှိနိုင်ပါသည်။ အငြိုအငြင် မခံရစေရန် မပြောမဆို၊ ရှောင်တိမ်းနေသူများလည်း ရှိပါသည်။ စာရေးသူအနေဖြင့် အလုံးစုံအကျွမ်းတဝင် မရှိပါသော်လည်း ကြည့်တတ်၊ မြင်တတ်၊ ဖတ်ရှုတတ်ရာမှာ မှတ်မိသမျှကို မျှဝေခံစားရခြင်းဖြစ်ပါကြောင်း လေးစားစွာ ဖော်ပြအပ်ပါသည်၊ မြင်တတ်၊ ပြင်တတ်ရန် ရည်ရွယ်ပါသည်။
ဖတ်ရှုလေ့လာလိုလျှင် လက်တစ်ဝါးစာမျှ၊ အိတ်ဆောင်အရွယ် စင်ကာပူမှရသည့် How Not To Loose Face စာအုပ်ငယ်ရှိပါသည်။ ပြည့်စုံသည့် အခြားတစ်အုပ်မှာ Emily Post ၏ Etiquette စာအုပ်က လက်သုံးလုံးခန့်ထူပြီး ၁၉၂၂ ခုနှစ်က စတင်ထုတ်ဝေခဲ့ရာ ယခု ၁၄/၅ ကြိမ် ပြန်ရိုက်ရပြီး ဖြစ်ပါသည်။ နောက်တစ်အုပ်ကတော့ Mary Jane Me Caffree and Paulene Innis ရေးသည့် Protocol, The Complete Hand Book of Diplomatic Official and Social Usage စာအုပ် နှင့် အခြားစာအုပ်ဖြစ်ပါသည်။ အချို့ မမှတ်မိတော့ ပါ။ စာအုပ်များက အစုံရေးထား၍ လိုတာ၊ အသုံး တည့်တာကိုသာ ဖတ်ရှုရန်ဖြစ်ပါသည်။
ကြည့်တတ်၊ မြင်တတ်၊ ပြင်တတ်စေရန် အကျဉ်းရေးသားဖော်ပြခြင်းဖြစ်ပါသည်။ မည်သူ ကိုမျှ ရည်ညွှန်းထိပါးစေရန် မရည်ရွယ်ပါကြောင်း ဖော်ပြအပ်ပါသည်။ ဆောင်းပါးရှင်အနေဖြင့် ဤဆောင်းပါးမျိုးကို ၁၉၉၁ ခုနှစ်က စတင်ရေးခဲ့ပါ သည်။ နှစ်ပတ်လည် မဂ္ဂဇင်း၊ မြို့နယ်အသင်းအချို့ တွင် ရေးသားဖော်ပြခဲ့ဖူးပါကြောင်း ဖော်ပြအပ်ပါသည်။ ။