နေပြည်တော် စက်တင်ဘာ ၅
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့်လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက် ရရှိမှုသည် အလွန်အရေးပါလျက်ရှိသည်။
တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် သြဂုတ်လအတွင်း သတင်းရရှိမှု ၄၄ ကြိမ် ရရှိခဲ့ပြီး သတင်းမှား နှစ်ကြိမ်၊ နောက်ကျသတင်း တစ်ကြိမ်နှင့် ဖမ်းဆီးရမိမှု ၄၁ ကြိမ် ဖြစ်သည်။ သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိ အမှုတွဲ ၆၁ မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်း အမျိုး ၆၀ အပါအဝင် ခန့်မှန်းတန်ဖိုးကျပ် ၉၄၂ ဒသမ ၀၇၅ သန်းနှင့် တရားမဝင် ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ အပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့သည်။
သြဂုတ်လအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း ဖမ်းဆီးရမိမှု တန်ဖိုးကျပ် ၉၄၂ ဒသမ ၀၇၅ သန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၁၈၈ ဒသမ ၄၁၅ သန်းကို သတင်းပေး ဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ဌာနများမှလည်း မြန်မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ကြောင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုသတင်းများနှင့် ပတ်သက်၍ ဖုန်း - ၀၉၄၀၄၃၃၉၉၆၉၊ ၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် [email protected] သို့ သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း သိရသည်။
သတင်းစဉ်


