နေပြည်တော် စက်တင်ဘာ ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း မိုးစပါးမျိုးသစ်နှင့် မိုးချည်မျှင်ရှည်ဝါစိုက်ခင်းများ၊ ရေလွှဲဆည်နှင့်  ရေလှောင်တမံများ၏ အခြေအနေ လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် သင်ပန်းကုန်းကျေးရွာအုပ်စု တောင်သူ ဦးမောင်မောင်နိုင်၏ အရည်အသွေးကောင်း အထွက်ကောင်း မိုးစပါးမျိုးသစ် (YSR-1) စံပြကွက် ဧက (၄၀) စိုက်ခင်း၊ ဘွက်ကျေးရွာအုပ်စု သိမ်ကုန်းရှေ့တန်းစခန်းအနီးရှိ တောင်သူဒေါ်ဖြူဖြူဝင်း စိုက်ပျိုးထားသော မိုးချည်မျှင်ရှည် ဝါ (B-31) စိုက်ခင်းနှင့် ကျီးနီကန်အတွင်းသို့ စီးဝင်လျက်ရှိသည့် ရေဝင်ချောင်းတို့ကို ကွင်းဆင်းကြည့်ရှုပြီး သီးနှံပုံစံအလိုက် မြေနေရာ ရွေးချယ်ရာတွင် ဒေသရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီမှုရှိစေရေး၊ ပန်းတိုင်အထွက်ရရှိရေးနှင့် သီးထပ်စွမ်းအား မြှင့်တင်နိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် သက်ဆိုင်ရာဦးစီးဌာနများ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပျော်ဘွယ်မြို့နယ် ချောင်းမကြီးရေ လှောင်တမံ၏ ‌တောတွင်လှရေလွှဲဆည် ထိန်းသိမ်းထားရှိမှုနှင့် ချောင်းမကြီးဆည်ရေ သောက်စနစ် ပြုပြင်ခြင်းလုပ်ငန်း‌ဆောင်ရွက်နေမှုနှင့် မိုးစပါးရေ‌ပေးဝေမှု အခြေအနေများ ကိုလည်းကောင်း၊ ချောင်းကောက်ရေလှောင်တမံ၏ ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ မိုးစပါးရေပေးဝေနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ရေသောက်ဧရိယာများတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေး၊ ရေလွှဲဆည်နှင့်  တမံအတွင်း ရေဝင်ရောက်မှုအပေါ်မူတည်၍ စိုက်ဧကတိုးတက်လျာထားနိုင်ရေး၊ မြောင်းရင်းမှ တစ်ကွင်းတစ်စပ်တည်းစိုက်ပျိုးနိုင်ရေး၊ ရေမြေသဘာဝနှင့် ကိုက်ညီသော သီးနှံပုံစံ ပြောင်းလဲစိုက်ပျိုးနိုင်ရေးလုပ်ငန်းများကို တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ချောင်းကောက်ရေလှောင်တမံမှ မိတ္ထီလာကန်သို့ ရေပေးသွင်းသည့် ဆက်သွယ်မြောင်းနှင့် ဆက်သွယ်မြောင်းတလျှောက်ရှိ လွန်ငင်ရေလှောင်တမံ၊ လက်ခုပ်ပင်ရေလှောင်တမံနှင့် ညောင်ကုန်းရေလှောင်တမံများကို  ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်