ရန်ကုန် ၄ မတ်

 


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၅) ဒုတိယနေ့ကို မတ် ၃ ရက် ညနေပိုင်းက ကွင်းသုံးကွင်း၌ ကျင်းပရာ ဟံသာဝတီ၊ ရှမ်းယူနိုက်တက်နှင့် လက်ရှိချန်ပီယံ ရန်ကုန်အသင်းတို့ နိုင်ပွဲရခဲ့သည်။

 


ဗထူးကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက အိမ်ရှင်ရတနာပုံအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ လေးပွဲဆက်တိုက် အိမ်ကွင်းပွဲများတွင် အသင်းကြီးများထံမှ ရှုံးပွဲမရှိဘဲ အမှတ်ရယူနိုင်ခဲ့သည့် ရတနာပုံအသင်းသည် ပွဲစဉ် (၅)တွင် ဟံသာဝတီကို ရှုံးနိမ့်ပြီး အိမ်ကွင်း၌ ပထမဆုံးရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။

 


ဟံသာဝတီအသင်းသည် အဝေးကွင်း၌ အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပြီး အခွင့်အရေးများကို အသုံးချနိုင်၍ နှစ်ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။

 


ရတနာပုံအသင်းသည် ရဲကိုဦး၊ လှိုင်းဘိုဘို၊ ဝင်းနိုင်ထွန်း၊ ဝင်းနိုင်စိုး၊ မြတ်ကောင်းခန့် စသည့် အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ဟံသာဝတီအသင်းမှာလည်း နိုင်ငံခြားသားကစားသမား သုံးဦးအပါအဝင် လူစုံပွဲထွက်ခဲ့သည်။ ဟံသာဝတီအသင်းသည် အဝေးကွင်းဖြစ်သောကြောင့် ခံစစ်ကို လုံအောင်ကစားပြီး ပိုဒါနှင့် မတ်ခ်တို့၏ တိုးအားများဖြင့် အဓိကတိုက်စစ်ဆင်ခဲ့ခြင်း ဖြစ်သည်။ ၈ မိနစ်တွင် ဟံသာဝတီအသင်းဂိုးရသွားပြီး မတ်ခ်က သွင်းယူခဲ့ခြင်းဖြစ်သည်။

 


ဂိုးရသွားသောကြောင့် ဟံသာဝတီအသင်း ကစားပုံပိုကောင်းလာသလို ခံစစ်ကိုလည်း အမှားမခံရာ ရတနာပုံအသင်းတိုက်စစ် ရုန်းကန်ခဲ့ရသည်။ ရတနာပုံအသင်းသည် ယခုပွဲတွင် ပုံစံကောင်းရရန် ရုန်းကန်ခဲ့ရပြီး ပထမပိုင်းတွင် လှိုင်းဘိုဘို၏ ပြစ်ဒဏ်ဘောကန်သွင်းမှုမှာလည်း ဘားထိထွက်ခဲ့၍ နစ်နာခဲ့ရသည်။ ဒုတိယပိုင်းတွင် ရတနာပုံအသင်း ချေပဂိုးရရန် တိုက်စစ်အားမြင့်သော်လည်း ဟံသာဝတီအသင်းခံစစ်က အဆင့်ဆင့်ဖျက်ထုတ်ခဲ့၍ ထင်တိုင်းမပေါက်ခဲ့ပေ။ ၅၃ မိနစ်တွင် ဟံသာဝတီအသင်း ဒုတိယဂိုးထပ်ရခဲ့ပြီး ထက်လင်းလင်းက သွင်းယူခဲ့ခြင်းဖြစ်သည်။ ပွဲပြီးခါနီးတွင် ရတနာပုံအသင်း ချေပဂိုးရနိုင်သည့် အခွင့်အရေးရခဲ့သော်လည်း ဝင်းနိုင်ထွန်း၏ ပိတ်သွင်းမှု ဘားထိထွက်ခဲ့၍ နစ်နာခဲ့ရသည်။

 


ဝေသာလီကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက ပွဲစဉ် (၄) အပြီး ထိပ်ဆုံးမှ ဦးဆောင်နေသည့် ရခိုင်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ရခိုင်အသင်းအတွက် ပထမဆုံးရှုံးပွဲနှင့် ရင်ဆိုင်ရခြင်းဖြစ်ပြီး ရန်ကုန်အသင်းမှာမူ နိုင်ပွဲကြောင့် အမှတ်ပေးဇယားကို ယာယီဦးဆောင်နိုင်ခဲ့သည်။ ရန်ကုန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၆၅ မိနစ်တွင် မောင်မောင်လွင်က သွင်းယူခဲ့သည်။ သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက Chinland အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး ဒုတိယမြောက် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 


ရှမ်းယူနိုက်တက်အသင်းသည် ဂိုးပြတ်အနိုင်ရလဒ်အတွက် ကျေနပ်စရာကောင်းသလို ယခုရာသီတွင် ပေးဂိုးမရှိဘဲ ပထမဆုံးအနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။

 


ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၄၂ မိနစ်တွင် မေကွန်၊ ၅၁ မိနစ်တွင် ဇင်မင်းထွန်း၊ ၅၇ မိနစ်တွင် ဆွမ်လမန်တို့က သွင်းယူခဲ့သည်။

 


ပွဲစဉ် (၅) နောက်ဆုံးနေ့ကို မတ် ၄ ရက် (ယနေ့) ညနေ ၃ နာရီခွဲတွင် မုံရွာကွင်း၌ ကျင်းပမည်ဖြစ်ပြီး စစ်ကိုင်းအသင်းနှင့် ဇွဲကပင်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်