နေပြည်တော် စက်တင်ဘာ ၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ဇေယျာသီရိမြို့နယ် ရန်ကုန် - မန္တလေး ကားလမ်းဟောင်းဘေး သန့်ရှင်းသာယာရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရားများဖြင့် တူးဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့နယ် ဇီးဖြူပင်ကျေးရွာအုပ်စု ဇီးဖြူပင်ကျေးရွာရှိ ကွင်းအမှတ် ၁၇၂၁ ၌ ၂၀၂၄ - ၂၀၂၅ ခုနှစ်၊ မိုးစပါးကို ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြ စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့် တွေ့ဆုံကာ စပါးအပါအဝင် သီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်းများရရှိရေး၊ သွင်းအားစုများကို စနစ်တကျ ထည့်သွင်းနိုင်ရေး၊ စိုက်ပျိုးရေကို အလေအလွင့်မရှိစေရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာ ဆောင်ရွက်နိုင်ရေးကို အလေးထားလိုက်နား ဆောင်ရွက်ကြရန် မှာကြားသည်။ 
ထို့နောက် တောင်သူများက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား အသိပညာပေးဆောင်ရွက်နေသည့် သဘာဝမြေဆွေးများနှင့် သဘာဝမြေဩဇာများကို ကြည့်ရှုအားပေးသည်။ 
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပျဉ်းမနား - ညောင်ပင်သာကျေးရွာနှင့် မွန်းတည့်ခွင်သို့ ဆက်သွယ်ထားသည့် ကတ္တရာလမ်း ပြုပြင်ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းများရေရှည်ကြံ့ခိုင်ကောင်းမွန်စေရေး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သီးနှံစိုက်စွမ်းအား တိုးမြှင့်နိုင်ရေးအတွက် မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။ 
ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး လုပ်ငန်းစဉ်များ၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ မျိုးစေ့ထုတ်ကုမ္ပဏီများက မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူး နေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ဖြည့်စွက်ဆွေးနွေးတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်