နေပြည်တော် စက်တင်ဘာ ၅
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်နိုင်ငံတော်အတွက် အဓိကစွမ်းအားစုဖြစ်သည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များကို အားကစားကဏ္ဍအပါအဝင် ဘက်စုံ၊ ကဏ္ဍစုံတွင် နိုင်ငံ၏ သားကောင်း သမီးကောင်းများဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပသည့် ၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ၏ အုပ်စု (ခ) နောက်ဆုံးပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ် (၁) ၌ ဆက်လက် ယှဉ်ပြိုင်ကစားကြသည်။
ကွင်းအမှတ် (၁) တွင် ပညာရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာန အသင်းကို ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကာ အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။
အဆိုပါအသင်များ ယှဉ်ပြိုင်ကစားနေမှုကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ လာရောက် ကြည့်ရှုအားပေးကြသည်။
အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု (က) မှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်း၊ အုပ်စု (ခ) မှ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်း၊ ပညာရေးဝန်ကြီးဌာနအသင်းတို့ အကြိုဗိုလ်လုပွဲသို့ တက်ရောက်ကြပြီး အကြိုဗိုလ်လုပွဲစဉ်များကို စက်တင်ဘာ ၇ ရက် နံနက် ၇ နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ် (၁) ၌ ပထမပွဲစဉ်အဖြစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်း၊ ဒုတိယပွဲစဉ်အဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


