နေပြည်တော် စက်တင်ဘာ ၅
လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (21st ASEAN Chiefs Of Defence Forces Meeting - 21st ACDFM) ကို ယနေ့နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ ရှိ Latsavong Wanda Vista Hotel ၌ ကျင်းပပြုလုပ်သည်။ 
ပါဝင်တက်ရောက်
အဆိုပါအစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး ဦးဆောင်တက်ရောက်ပြီး ဆက်စပ်အစည်းအဝေးများဖြစ်သည့် 14th ASEAN Military Operations Meeting (14th AMOM) သို့ တက်ရောက်လျက်ရှိသည့် စစ်ဦးစီးအရာရှိချုပ (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော် ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (21st ASEAN Military Intell-igence Meeting - 21st AMIM) သို့ တက်ရောက်လျက်ရှိသည့် ဒုတိယ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်မင်းသူနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။ 
ဦးစွာ (၂၁) ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး (21st ACDFM) ဥက္ကဋ္ဌ လာအိုအမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Khamlieng Outhakaisone က တက်ရောက်လာကြသည့် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ပြီး အဖွင့်မိန့်ခွန်းပြောကြားသည်။ 
ယင်းနောက် (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော် ထောက်လှမ်းရေး မှူးချုပ်များအစည်းအဝေး (21st ACDFM) ဥက္ကဋ္ဌ လာအိုအမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန စစ်ဘက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Brigadier General Bouavanh Athanaxay နှင့် (၁၄) ကြိမ်မြောက် အာဆီယံတပ်မတော် စစ်ဆင်ရေး မှူးချုပ်များအစည်းအဝေး (14th AMON) ဥက္ကဋ္ဌ လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးဌာန စစ်ဆင်ရေးဌာနအကြီးအကဲ Major General Kongthong Soukhavong တို့က အစည်းဝေးရလဒ်များအား ဖတ်ကြားတင်ပြခဲ့ကြသည်။
ပါဝင်ဆွေးနွေး
ထို့နောက် တက်ရောက်လာကြသည့် အာဆီယံနိုင်ငံတပ်မတော်များမှ ကာကွယ်ရေးဦးစီးချုပ်များနှင့် ကိုယ်စားလှယ်များက “အာဆီယံ - ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ရေးတို့အတွက် လက်တွဲဆောင်ရွက်ခြင်း (ASEAN- Together for Peace, Security and Resilience)” ခေါင်းစဉ်ဖြင့် နိုင်ငံအက္ခရာစဉ်အလိုက် အသီးသီးပါဝင် ဆွေးနွေးခဲ့ကြသည်။ 
မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက အာဆီယံ၏ အဓိကရည်မှန်းချက်နှင့် လုပ်ဆောင်ချက်များကို တွန်းအားပေး မီးမောင်းထိုးပြနေသည့် “အာဆီယံ - ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ရေးတို့အတွက် လက်တွဲဆောင်ရွက်ခြင်း (ASEAN-Together for Peace, Security and Resilience)” ခေါင်းစဉ်ဖြင့် အသေးစိတ် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး အာဆီယံတပ်မတော်များ၏ နှစ်နှစ်တာ လုပ်ငန်စီမံချက် (၂၀၂၄ -၂၀၂၆) {Two Years Work Plan (2024-2026} အား အတည်ပြုခြင်း၊ 21st ACDFM ၏ ပူးတွဲကြေညာချက် Joint Statement အား အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပူးတွဲကြေညာချက် Joint Statement ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းနောက် 21st ASEAN Chiefs of Defence Forces Meeting (21st ACDFM) ဥက္ကဋ္ဌ လာအို အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာန အကြီးအကဲက အပိတ်မိန့်ခွန်းပြောကြားကာ (၂၂) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (22nd ACDFM) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ဥက္ကဋ္ဌတာဝန်များနှင့် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး၏အလံ (ACDFM Flag) တို့ကို လွှဲပြောင်းပေးအပ်ခဲ့ကြပြီး အစည်းဝေးကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးသည် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee၊ ဗီယက်နမ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဗီယက်နမ် ပြည်သူ့တပ်မတော်စစ်ဦးစီး အရာရှိချုပ် Senior Lieutenant General Nguyen Tan Cuong နှင့် ကမ္ဘောဒီးယားဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen-eral Vong Pisen တို့နှင့် သီးခြားစီ Bilateral Meeting များ တွေ့ဆုံခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။
ညပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့ဝင်များသည် အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ လာအိုအမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာန အကြီးအကဲက တည်ခင်းဧည့်ခံသည့် (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
ပိုမိုခိုင်မာအောင်တည်ဆောက်
အလားတူ စက်တင်ဘာ ၃ ရက်တွင် အဆိုပါဟိုတယ်၌ပြုလုပ်ခဲ့သည့် (၁၄) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး 14th ASEAN Military Operations Meeting (14th AMOM) အစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များကလည်းကောင်း၊ (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော် ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (21st ASEAN Military Intelligence Meeting - 21st AMIM) သို့ မြန်မာ့တပ်မတော်မှ ဒုတိယတပ်မတော် စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ်မင်းသူနှင့် ကိုယ်စားလှယ်အဖွဲ့ ဝင်များကလည်းကောင်း ပါဝင်တက်ရောက်၍ အာဆီယံတပ်မတော်များအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး ကတိကဝတ်များအား ပိုမိုခိုင်မာအောင် တည်ဆောက် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်