မော်လမြိုင် စက်တင်ဘာ ၆
မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်းဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မော်လမြိုင် အဆင့်မြင့် ငါးဈေးသစ်စီမံကိန်း တည်ဆောက်နေမှုကို ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ပထမပိုင်းအဆင့် ခြံစည်းရိုးကာရံခြင်း၊ Box Culvert ပြုလုပ်ခြင်း၊ အောက်ခံမြေသား ပြုပြင်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းနှင့် ဆိုင်ခန်းများ ဆောက်လုပ်မည့်နေရာများကို power point ဖြင့် ရှင်းလင်းတင်ပြပြီး မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူက ဆောက်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းရာသီတွင် အချိန်မီပြီးစီးရေး ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ရတနာထွန်း သား၊ ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ ရောင်းချသည့်ဈေးသည် မြို့အတွင်းတွင်ရှိသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ကြုံတွေ့ရခြင်း၊ လူနေရပ်ကွက်နှင့် နီးစပ်ခြင်း၊ အမှိုက်နှင့် အနံ့ဆိုးများ ကင်းဝေးစေရန်အတွက် ယခုနေရာတွင် တည်ဆောက်ရခြင်း ဖြစ်ကြောင်း၊ မြို့ထဲရှိဈေးအား အချိန်မီ ပြောင်းရွှေ့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းမီ တည်ဆောက်ရေး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မော်လမြိုင် အဆင့်မြင့် ငါးဈေးသစ်စီမံကိန်း ပထမပိုင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သက်နိုင်(မော်လမြိုင်)


