နေပြည်တော် စက်တင်ဘာ ၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းတွင် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်း မြို့နယ် ရှားတောကျေးရွာအုပ်စု ဂွေးပင်စံပြကျေးရွာ၌ ချောင်းကမ်းကြီး စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသား တောင်သူများ၊ ကျေးရွာသူ ကျေးရွာသားများ၊ ဌာနဆိုင် ရာဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဂွေးပင်စံပြကျေးရွာရှိ လယ်မြေ (၇၉ ဒသမ ၈၈) ဧကအား စနစ်ကျလယ်ယာမြေ ဖော်ထုတ်ပြီးစီးမှု၊ အသင်းသားတောင်သူ (၃၆) ဦးအတွက် မိုးစပါးရာသီ၌ ဆင်းသုခ မျိုးစပါးနှင့် သွင်းအားစုများ ပံ့ပိုးပေးခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မိမိတို့ဝန်ကြီးဌာနတို့ပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ခေတ်မီစံပြကျေးရွာများ အပါအဝင် ကျေးရွာအများစုတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသင်းပိုင်လယ်မြေ (၇၉ ဒသမ ၈၈) ဧကတွင် နေကြာစိုက်ပျိုးရေးစီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး တောင်သူများလိုအပ်သည့် မျိုး၊ သွင်းအားစုဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများ၊ စိုက်ပျိုးနည်းစနစ်များ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး တောင်သူများက စိုက်ပျိုးရေးဦးစီးဌာန၏ နည်းစနစ်များအတိုင်း လိုက်နာစိုက်ပျိုးကြရန် လိုအပ် ကြောင်း တိုက်တွန်းပြောကြားပြီး အသင်းသား တောင်သူများ၏ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သမဝါယမဦးစီးဌာနက ပံ့ပိုးပေးခဲ့သည့် Rakka ဝါမျိုး (၆) ဧက စိုက်ပျိုး ထားသော အသင်းသားတောင်သူ ဦးအောင်သန်း၏ စိုက်ခင်းသို့ သွားရောက်ကြည့်ရှုအားပေးပြီး ရွှေဥဒေါင်းကျေးရွာ၌ ကျင်းပသည့် ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးအတွက် ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်၊။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ စတင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ခေတ်မီ စံပြကျေးရွာများ ထူထောင်ပေးခဲ့ရာ ယခုဘဏ္ဍာနှစ်အထိ မြို့နယ်ပေါင်း (၁၀၄) မြို့နယ်ရှိ ကျေးရွာပေါင်း (၁၂၈) ရွာတွင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီး ဌာနတွင် ဦးစီးဌာန (၄) ခုရှိပြီး အဆိုပါဦးစီးဌာနများက ကျေးရွာ၏ အခြေခံအဆောက်အအုံများ၊ ကုန်ထုတ်လမ်း၊ ကျေးရွာတွင်း လမ်း၊ ကျေးရွာအဝင်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်မီးလင်းရေး၊ ရေရရှိရေး၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အဆင့်မြှင့်တင်နိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာသင်တန်း များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့် ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၆၀၀)၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ်သိန်း (၃၀၀)နှင့် ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်း လုပ်ငန်းစီမံကိန်း RBF ရန်ပုံငွေကျပ်သိန်း (၃၀၀) တို့ကို ထောက်ပံ့ ပေးအပ်ရာ ကျေးရွာကော်မတီဝင်များက လက်ခံရယူခဲ့ကြပြီး ကျေးရွာသူ ကျေးရွာသားများကိုယ်စား ကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ပုဗ္ဗသီရိမြို့ဆက်လမ်းမှ ရွှေဥဒေါင်း-ရွေးစု ကျေးရွာချင်းဆက်လမ်း ကွန်ကရစ် ခင်းနေမှုကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာ(စံပြ)ကျေးရွာရှိ အထွေထွေစီးပွားရေး သမဝါယမ အသင်း၏ ကုန်မျိုးစုံအရောင်းဆိုင်၊ သင်တန်းအောင်မြင်ပြီး တစ်နိုင်တစ်ပိုင်ဆောင်ရွက်နေသော ယွန်းမီအပ်ချုပ် ဆိုင်လုပ်ငန်းကို၊ မိဘမေတ္တာရောင်းဝယ်ရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၏ ကုန်မျိုးစုံအရောင်း ဆိုင်များကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


