နေပြည်တော် စက်တင်ဘာ ၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ကော်မတီဝင်များဖြစ်ကြသော ဦးထွန်းထွန်းနှင့် ဦးခွန်နေထွန်းဦး၊ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် သီရိမဏ္ဍိုင်လမ်း ဘေးဝဲ၊ ယာတွင် မြက်ချုံနှင့် သစ်ကိုင်းများရှင်းလင်းခြင်းနှင့် အမှိုက်များသိမ်းဆည်းစွန့်ပစ်ခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပုဗ္ဗသီရိမြို့နယ် ရာဇသင်္ဂဟလမ်းနှင့် သီရိမဏ္ဍိုင်လမ်းဆုံမီးပွိုင့်အနီး သီရိမဏ္ဍိုင် လမ်းဘေးရှိ တောင်ကမ်းပါးယံမှမြေကြီးများ မိုးရေနှင့်အတူမျောပါလာခြင်းကြောင့် ပိတ်ဆို့နေသော ရေမြောင်းများကို စက်ယန္တရားများဖြင့် ပြန်လည်တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လမ်းပခုံးများ ဆောင်ရွက်ရာတွင် လမ်း Level ထက်မြင့်နေခြင်းများမရှိစေရေး စနစ်တကျစီမံ ဆောင်ရွက်ရန်၊ လမ်းပေါ်တွင် ရေတင်ရေဝပ်ခြင်းများမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး အတွက် ရေဆင်းမြောင်းများ ဖောက်လုပ်ထားရှိရန်တို့ကို မှာကြားသည်။
ယင်းနောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့ မှော်ဘီလမ်းနှင့် ရေတာရှည် လမ်းဆုံရှိ ရေမြောင်းများအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်ယန္တရားဖြင့် ဆယ်ယူရှင်းလင်းခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ရေတင်ရေဝပ်ခြင်းနှင့် ရေကြီးရေလျှံခြင်းများ မဖြစ်ပေါ် စေရန်အတွက် ရပ်ကွက်များရှိ အဓိက ရေထွက်ပေါက်နှင့် ရေထုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ကြိုတင်ရှင်းလင်းဆောင်ရွက်ရန် မှာကြားခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)


