နေပြည်တော် စက်တင်ဘာ ၆

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၉၉ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် ကြတ်ချောင်းတံတား၏ ရန်ကုန်ဘက်ကမ်း (A1) Median Wall အောက်ခြေ Toe Wall ကို ယာယီအစီအစဉ်ဖြင့် မျောရိုက်၍ ဝါးကပ်ကာ သဲအိတ်ဖြည့် စီမြေကာနံရံဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မိုးရာသီကုန်ဆုံးပါက ရေလမ်းကြောင်းအကျယ် လုံလောက်မှုရှိစေရေး ရနိုင်သလောက် ချဲ့ပေးရန်နှင့် ပြိုကျနေသောအပိုင်းများကို သိမ်းဆည်းပြီး RC နံရံအသစ်ဖြင့် တည်ဆောက်ရန် မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၁၅ ရှိ ဖြူးတိုးလ်ဂိတ် လမ်းအသုံးပြုခကောက်ခံနေမှုကို လည်းကောင်း၊ ၁၁၅ မိုင် ယာဉ်ရပ်နား စခန်းအတွင်း၌ ရာဇာမင်းကုမ္ပဏီမှ တည်ဆောက်လျက်ရှိသည့် EV Charging Station ကိုလည်းကောင်း၊ အုတ်တွင်း မီနီတိုးလ်ဂိတ်နှင့် အုတ်တွင်း-တောင်ငူကြားရှိ ဟင်းငုတ်ပင်တိုးလ်ဂိတ်တို့ကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် တောင်ငူခရိုင် လမ်းဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင် လမ်းဦးစီးဌာနများမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)များက ဝန်ထမ်းဖွဲ့စည်းပုံ၊ စက်၊ ယာဉ်၊ ယန္တရားများနှင့် လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြပြီး လမ်းဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အင်ဂျင်နီယာချုပ်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဝန်ထမ်းများ၏ တင်ပြချက်များနှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။          

 

ထို့နောက် ဒုတိယဝန်ကြီးသည် BOT ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ BOT လမ်းများကို နှစ်အလိုက်စီမံချက်ပါအတိုင်း ဆက်လက်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲသည့် ရန်ကုန်-မန္တလေးလမ်းဟောင်းဖြစ်သည့် တောင်ငူ-ရေတာရှည် လမ်းပိုင်းနှင့် ရမည်းသင်း-ပျော်ဘွယ်လမ်းပိုင်း လမ်းဘေးဝဲ၊ယာ၌ စိုက်ပျိုးထားသည့် သစ်ပင်များအကြား ကွက်လပ်ဖြစ်နေသည့်နေရာများတွင် ပျိုးပင်ကြီးများ အစားထိုးပြန်လည်စိုက်ပျိုးနေမှုများကို လည်းကောင်း၊ လယ်ဝေး-ပျဉ်းမနားလမ်းပိုင်း လမ်းဘေးဝဲ၊ယာ၌ ပေါင်းရှင်းနေမှုကိုလည်းကောင်း၊ မိတ္ထီလာမြို့ရှောင်လမ်း လမ်းဘေး ဝဲ၊ယာ၌ သစ်ပင်စိုက်ပျိုးနေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)