နေပြည်တော် စက်တင်ဘာ ၆
၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဌာနဆိုင်ရာများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုနှစ် အထိမ်းအမှတ်နေ့ ဆောင်ပုဒ်မှာ “သန့်ရှင်းသော လေရရှိဖို့ ရင်းနှီးမြှုပ်နှံမှု စတင်စို့”ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများအနေဖြင့် လူသားတို့၏ ကျန်းမာရေးကို သိသိသာသာထိခိုက်နေသည့် လေထုညစ်ညမ်းမှုကို တိုက်ဖျက်နိုင်ရန်အတွက် ပိုမိုခိုင်မာသည့် ပူးပေါင်းဆောင်ရွက်ဖြေရှင်းမှုများတွင် ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ ခိုင်မာသည့် မူဝါဒများချမှတ်နိုင်ရေး၊ ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ တာဝန်ခွဲဝေယူမှုများကို အလေးထား ဆောင်ရွက်ရေးအတွက် ရည်ရွယ်ကြောင်း၊ လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့်အပြင် လေထု ညစ်ညမ်းမှုကြောင့် ရာသီဥတုပြောင်းလဲမှု ဆိုးဝါးစေပြီး စိုက်ပျိုးသီးနှံထွက်နှုန်းများ ကျဆင်းလာခြင်း၊ သီးနှံများ၏ ကြီးထွားနှုန်း လျော့နည်းလာပြီး အဟာရဖြစ်မှုတန်ဖိုးလည်း လျော့ကျစေနိုင်ကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် လေထု အရည်အသွေးများရှိသော ပတ်ဝန်းကျင်ရရှိစေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက လေထုအရည်အသွေးစံချိန်စံညွှန်းများ ရေးဆွဲထုတ်ပြန်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ မှန်လုံအိမ်ဓာတ်ငွေ့နှင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသော မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချနိုင်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ကာဗွန်ထုတ်လွှတ်မှုနည်းသော အစိမ်းရောင်နည်းပညာများ ပိုမိုကျယ်ပြန့်စွာ အသုံးပြုရေး၊ မြို့ပြတည်ဆောက်ရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် နည်းပညာသစ်များ အသုံးပြုနိုင်ရေး၊ သစ်တောနှင့် ဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်ရေးများတွင် ဌာန၊ အဖွဲ့အစည်းနှင့် ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများသည် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် ဗီဒီယိုကိုကြည့်ရှုပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော အထိမ်းအမှတ်ပိုစတာများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


