နေပြည်တော် စက်တင်ဘာ ၆
ထိုင်းနိုင်ငံ၌ စက်တင်ဘာ ၁ ရက်မှ ၈ ရက်အထိ ကျင်းပလျက်ရှိသော ထိုင်းဘုရင့် ဖလားပိုက်ကျော် ခြင်းပြိုင်ပွဲ အမျိုးသား(Mixregu)ပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းမှ ရွှေတံဆိပ် ၁ ခု ကို ထိုက်ထိုက် တန်တန် ထပ်မံဆွတ်ခူးရရှိခဲ့ပြီး လာအိုအသင်းက ဒုတိယ၊ ကိုရီးယားအသင်းနှင့် တရုတ်အသင်းတို့က တတိယရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် အမျိုးသမီး Hoop (ကွင်းသွင်းခြင်းခတ်) ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုနှင့် အမျိုးသား + အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခု ဆွတ်ခူးရရှိခဲ့ပြီး အမျိုးသမီး ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်းသည် အိမ်ရှင်ထိုင်းအသင်းနှင့် တွေ့ဆုံခဲ့ပြီး ၈၆၀-၇၀၀ မှတ်ဖြင့်အရေးနိမ့်ကာ ငွေတံဆိပ်ဖြင့် ကျေနပ်ခဲ့ရသည်။ အဆိုပါ အမျိုးသမီး ကွင်းသွင်းခြင်းခတ် ပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ မြန်မာအသင်းက ငွေတံဆိပ်၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား အသင်းတို့က ပူးတွဲကြေးတံဆိပ်ဆုများ ရရှိခဲ့သည်။
အလားတူ အမျိုးသား+အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ လာအိုအသင်း က ငွေတံဆိပ်၊ မြန်မာအသင်းနှင့် မလေးရှားအသင်းတို့က ပူးတွဲကြေးတံဆိပ် ရရှိခဲ့သည်။
အဆိုပါ ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းမှ နည်းပြအုပ်ချုပ် ၆ ဦး၊ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၁ ဦးတို့သည် အမျိုးသားပြိုင်ပွဲများ အဖြစ်(Team, Quadrant, Mixregu, Mixquadrant) အမျိုးသမီးပြိုင်ပွဲများအဖြစ် (Team, Quadrant,Hoop)ပြိုင်ပွဲအမျိုးအစား ၇ မျိုးတို့တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး စက်တင်ဘာ ၆ ရက် နံနက်ပိုင်း ပွဲစဉ်များအပြီးအထိ မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၁ ခု ဆွတ်ခူးရရှိထားပြီဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


