နေပြည်တော် စက်တင်ဘာ ၇
လယ်ယာကဏ္ဍဖွံ့ဖြိုးရေး စားရေရိက္ခာဖူလုံပိုလျှံရေး ကြိုးပမ်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး ၊ လက်တွေ့မြေပြင်လိုအပ်ချက်နှင့် သုတေသနလုပ်ငန်းများ ဟန်ချက်ညီဆောင်ရွက်နိုင်ရေးအတွက် လစဉ် ဗုဒ္ဓဟူးနေ့စကားဝိုင်း ဆွေးနွေးပွဲများကို ဌာနတွင်းပညာရှင်များက သက်ဆိုင်ရာကဏ္ဍများမှ ဦးဆောင်ဆွေးနွေးခြင်း၊ အခမ်းအနားတက်ရောက်လာကြသူများက သုံးသပ်အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက် လျှက်ရှိရာ ယမန်နေ့က (၃၇)ကြိမ်မြောက်ကျင်းပသည့် စကားဝိုင်း ဆွေးနွေးပွဲ ၌”မွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များထိန်းသိမ်းခြင်း နှင့် မျိုးမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့်ဆွေးနွေးကြသည်။
စကားဝိုင်းဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာတင်ထွဋ် တို့တက်ရောက်အားပေးကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များ သုတေသီများက မွေးမြူရေးတိရစ္ဆာန် မျိုးကောင်းမျိုးသန့်များ ထိန်းသိမ်းခြင်းနှင့် မျိုးမြှင့်တင်ခြင်း နည်းပညာဆိုင်ရာ တိုးတက်မှုများ အသိပညာဖလှယ်နိုင်ရေး၊ မွေးမြူရေးကဏ္ဍ ထုတ်လုပ်မှု မြင့်မားရေးနှင့် အကျိုးအမြတ် ပိုမိုရရှိစေရေးအတွက် တိရစ္ဆာန်များ၏ မျိုးရိုးဗီဇအရင်း အမြစ်များကို လက္ခဏာသတ်မှတ်ဖော်ထုတ်ခြင်း၊ ကာကွယ်ခြင်း၊ သုတေသနများပြုလုပ်ခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာများ ၊ ခေတ်မီနည်းပညာများကို အသုံးပြု၍ မျိုးမြှင့်တင်ခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်သည့်အဖွဲ့အစည်းများအားလုံး ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်မည့် နည်းလမ်းများ ရှာဖွေနိုင်ရေး၊ ငါးကဏ္ဍဆိုင်ရာ နိုင်ငံ၏ မူဝါဒများ၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးမှုအခြေအနေများ၊ သားစပ်နည်းစနစ်များ၊ မျိုးမြှင့်တင်ခြင်းဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်များ၊ ဆက်လက်လုပ်ဆောင်သင့်သော အချက်များနှင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ မြန်မာ့ဒေသ မျိုးရင်းများနှင့် ဒေသမျိုးကောင်း မျိုးသန့် ထိန်းသိမ်းခြင်းတို့၏ အရေးပါမှု၊ သုတေသနများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်ချက်များ တို့ကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Breaking News


