နေပြည်တော် စက်တင်ဘာ ၇
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာခရိုင်၊ လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ဦးစွာ လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဝန်ထမ်းရေးရာကိစ္စများ၊ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း၊ အင်ဂျင်နီယာချုပ် ဦးကျော်မျိုးထွဋ်က လမ်းဘေးဝဲ / ယာ သစ်ပင်များ စိုက်ပျိုးရာတွင် သတ်မှတ်ပုံစံအတိုင်း စိုက်ပျိုးရန်နှင့် ဆေးလိုင်းရေးဆွဲခြင်းနှင့်ပတ်သက်၍ လိုက်နာရမည့် သတ်မှတ်ချက်များကို ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက ဝန်ထမ်းများ၏ တင်ပြချက်များနှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 
ဆက်လက်၍ ဒုတိယဝန်ကြီးသည် B.O.T ကုမ္ပဏီများဖြစ်ကြသည့် သော်တာဝင်း ကုမ္ပဏီ၊ ယုဇနကုမ္ပဏီ၊ Oriental Highway ကုမ္ပဏီများနှင့် တွေ့ဆုံ၍ လမ်းဘေးဝဲ / ယာ စိုက်ပျိုးထားသည့် သစ်ပင်များအကြား ကွက်လပ်ဖြစ်နေသည့် နေရာများတွင် ပျိုးပင်ကြီးများအား မိုးတွင်းကာလတွင် အပြီးအစားထိုးပြန်လည်စိုက်ပျိုးသွားရန်၊ မိုးရာသီကုန်ဆုံးပါက လမ်းပေါက်များ အမြန်ဆုံးပြုပြင်ဆောင်ရွက်ရန်၊ လမ်းပခုံးပျက်သောနေရာများတွင် မြေနီကျောက်စရစ်ခင်း၍ ဆောင်ရွက်ရန်၊ B.O.T လမ်းများကို နှစ်အလိုက် စီမံချက်ပါအတိုင်း ဆက်လက်ဆောင်ရွက်သွားရန်နှင့် လမ်းပေါ်၌ ဆေးလိုင်းများရေးဆွဲရာတွင် ညွှန်ကြားချက်ပါအတိုင်း အလေးထားလိုက်နာဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် မိတ္ထီလာမြို့တွင်းလမ်း မိုင်တိုင်အမှတ် (၁၃ / ၆ နှင့် ၁၃ / ၇) ကြား လမ်းအမှတ်အသား ဆေးလိုင်းရေးဆွဲခြင်းကိုလည်းကောင်း၊ မြစ်သားနှင့် ကျောက်ဆည်အကြား မိုင်တိုင်အမှတ် (၃၆၃ / ၃ နှင့် ၃၆၃ / ၄) အကြားတွင် ပေ (၉၀) မြေသားတာဘောင်လုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကျောက်ဆည်မြို့ရှောင်လမ်းတွင် လမ်းဘေးဝဲ / ယာသစ်ပင်စိုက်ပျိုးနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျောက်ဆည်မြို့ရှောင်လမ်း သော်တာဝင်းကုမ္ပဏီလမ်းလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သော်တာဝင်းကုမ္ပဏီမှ တည်ဆောက်လျက်ရှိသည့် ဘယ်လင်း - ရွှေစာရံ - အုန်းချောလမ်းအသုံးပြုခကောက်ခံမည့် တိုးလ်ဂိတ်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်