နေပြည်တော် စက်တင်ဘာ ၇
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းရေကန် (၉၁) ကန် ပြန်လည်တူးဖော်ရေးတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနအနေဖြင့်လည်း ရေကန် (၂) ကန် ပါဝင်လှူဒါန်း တူးဖော်ပေးလျက်ရှိရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တူရွင်းတိုင်ကျေးရွာအနီးရှိ ကန်အမှတ် -၀၅၉ ပအိန်းကန် တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်းသုတေသနဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ တူးဖော်ရန်နှင့် မိုးမကုန်မီ ရေစုဆောင်းနိုင်ရေးအတွက် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကုန်းတန်းကြီးကျေးရွာအဝင်လမ်း အရှည် (၄) ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ၂၀၂၄ - ၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်ပေးမည့် လမ်းအရှည် (၁) မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအတွက် အောက်ခံမြေပြုပြင်နေမှုနှင့် ရေကျော်တည်ဆောက်မည့်နေရာများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့နောက် ကုန်းတန်းကြီးကျေးရွာ၌ ကုန်းတန်းကြီးစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၊ သန့်စင်ကြယ်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၊ ဖျောက်ဆိပ်ကင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းတို့မှ အသင်းသား အသင်းသူများနှင့်တွေ့ဆုံ အမှာစကား ပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ယင်းနောက် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းရေကန်များနှင့် အထင်ကရနေရာများသို့ သွားလာမှုလွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ပြုပြင်ဖောက်လုပ်ပေးလျက်ရှိသည့် လမ်း (၉) လမ်းတွင် ပါဝင်သော အရှေ့ဖွားစောကျေးရွာမှ ဇယဝေရီကန်သို့ သွားသည့်လမ်း ဂျင်းကျောက်ခင်းထားမှု၊ ပေ ၅၂၄၀ ၌ မြေသားထု ၂ ပေ တင်၍ သိပ်သည်းမှု (Compaction) ရရှိအောင် ဆောင်ရွက်ထားရှိမှု၊ ပေ ၁၅၀ ကွန်ကရစ်ရေကျော် စတင်တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားပြီး ဇယဝေရီကန်တွင် မိုးရေစုဆောင်းရရှိမှုနှင့် ကန်ပတ်ဝန်းကျင် သစ်ပင်စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုသည်။
ဆက်လက်၍ သူဌေးကန်ကျေးရွာ၌ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သင်ကြားနေသည့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး သင်တန်းသူများအတွက် အပ်ချုပ်စက်များ ထောက်ပံ့ပေးအပ်ကာ ၎င်းတို့ချုပ်လုပ်ထားသော သင်တန်းဆင်းလက်ရာများကို လည်းကောင်း၊ မင်းနန်သူကျေးရွာ အဝင်လမ်းတွင် အရှည်ပေ (၂၀) ကွန်ကရစ်ရေကျော် တည်ဆောက်နေမှုနှင့် ကတ္တရာခင်းရန်အတွက် ပစ္စည်းစုဆောင်းနေမှုတို့ကို လည်းကောင်း၊ မင်းနန်သူကျေးရွာတွင်းလမ်းများ ဂျင်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက တူးဖော်ပေးခဲ့သော မြေနဲလေးကျေးရွာအနီးရှိ ကန်အမှတ်-၀၆၁ တူးဖော်ပြီးစီးမှုနှင့် ရေစတင်ဝင်ရောက်မှု အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ညောင်ဦးမြို့နယ်သမဝါယမအသင်းစုပိုင် အနော်ရထာဆီစက်နှင့် အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး အစီအစဉ်အရ ချိတ်ဆက်ထားသော ခေတ်မီစံပြကျေးရွာ (၃) ရွာအနက် ခရီးသွားကဏ္ဍဖြင့် ချိတ်ဆက်ထားသည့် မြင်းကပါစံပြကျေးရွာ၌ ကျေးရွာတွင်းလမ်းများ ဂျင်းကျောက်ခင်းနေမှု၊ ရေနုတ်မြောင်းများ အုတ်ရိုးစီနေမှု နှင့် Slab Culvert (၁၀) စင်း တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် လောကနန္ဒာစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ကြည်ညို၍ မဉ္ဇူသကနတ်ပန်းမှ ရေချိုးဆပ်ပြာ၊ လက်ဘက်ခြောက်၊ ယို၊ အလှဆီ၊ ခေါင်းလျှော်ရည်စသည့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနေသော ဒေသခံဈေးသည်များနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ ပုဂံမြို့သစ်ရှိ ဦးဘငြိမ်း၏ ယွန်းထည်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Breaking News


