နေပြည်တော် စက်တင်ဘာ ၇

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယနေ့တွင် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ နေပြည်တော် - သာစည် -  သဲတော - မန္တလေး ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှု၊ မန္တလေး - မြို့ဟောင်း - ဆည်တော် - ဇီးပင်ကြီး - ပြင်ဦးလွင် ရထားလမ်းပိုင်းရှိ ဘူတာများ၊ ရထားလမ်းတံတားများ၏ အခြေအနေနှင့် ဒီဇယ်စက်ခေါင်း ပြင်စက်ရုံ (ပြင်ဦးလွင်) တို့ကို စစ်ဆေးသည်။
ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် နေပြည်တော် - သာစည် - သဲတော - မန္တလေး ရထား လမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှုကို RBE ရထားဖြင့် လိုက်ပါစီးနင်း စစ်ဆေးပြီး တံတားအဝင်၊ အထွက်နေရာများတွင် ခုန်ဆောင့်လူး မဖြစ်စေရေး Run Off Frame များစနစ်တကျ တပ်ဆင်သွားရန်နှင့် Alignment တိကျမှန်ကန်စေရေး စနစ်တကျ စစ်ဆေးသွားရန်၊ တံတားနေရာများရှိ ဆွေ့မြေ့နေသည့် သစ်သားဇလီဖားများ လဲလှယ်ရန်၊ ကွေ့ဒီဂရီ ၊ Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး ပြုပြင်ဆောင်ရွက်သွားရန်၊ သံလမ်းအဆက်နေရာများတွင် သံလမ်းအဆက်ညှိခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊ ရေတိုက်စားခံရသည့် တံတားရေလည်တိုင်များတွင် ကျောက်ကြီးချရန်နှင့် လိုအပ်သည့်ရေလမ်းကြောင်းရရှိရန်အတွက် ရေကာတန်းများရိုက်ရန်၊ ရေတိုက်စားခံရသည့် တာဘောင်များ သတ်မှတ်အကျယ်ရရှိအောင် မြေဖို့ဖိကြိတ်ခြင်းများ ဆောင်ရွက်ရန်နှင့် ရထားလမ်းပိုင်းအတွင်း သတ်မှတ်စံချိန်စံနှုန်းအတိုင်း လမ်းခင်းကျောက်များ စနစ်တကျ ဖြည့်သွင်းပြီး Hand Tamping Machine အပြင် Automatic Leveling, Lining & Tamping Machine (ALLTM) စက်ဖြင့် ကျောက်ပါကင်ရိုက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေး - မြို့ဟောင်း - ဆည်တော် - ဇီးပင်ကြီး - ပြင်ဦးလွင် ရထားလမ်းပိုင်း အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရထားလမ်းပိုင်းရှိ လွန်းထိုးလမ်းပိုင်းနေရာများကို စနစ်တကျပြုပြင်ထိန်းသိမ်းရန်၊ ဘူတာများနှင့် ဘူတာယာဒ်ဝင်းများ သန့်ရှင်းသပ်ရပ်မှု ရှိစေရေးဆောင်ရွက်ရန်၊ ကွန်ကရစ်ဇလီဖားတုံးများကို သတ်မှတ်အကွာအဝေးအတိုင်း ထည့်သွင်းဆောင်ရွက်ရန်နှင့် ဘူတာဆေးအရောင်များကို သတ်မှတ်ဆေးအရောင်များသုတ်ရန် ဆွေးနွေးမှာကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ရထားလမ်းဘေးရှိ ကျူးကျော်များ ရှင်းလင်းရေး၊ ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသည့် လူစီးရထားများ ဝင်ချိန်၊ ထွက်ချိန် မှန်ကန်စေရေး၊ ရထားများ ခရီးဆုံးဘူတာဆိုက်ရောက်ပြီးသည့်အခါ ရထားတွဲအတွင်း၊ အပြင်သန့်ရှင်းရေး စနစ်တကျ ဆောင်ရွက်စေရေး၊ ရထားစီးခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်သွားရန်၊ မြန်မာ့မီးရထားဆေးပေးခန်း (ပြင်ဦးလွင်) တွင် ဝန်ထမ်းမိသားစုများ ဆေးကုသမှုပိုမိုခံယူနိုင်ရေး ကျန်းမာရေးဆွေးနွေးပွဲများ စီစဉ်ဆောင်ရွက်ပေးသွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်