နေပြည်တော်    စက်တင်ဘာ    ၇
၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်များကို ယနေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ် (၁) ၌ ဆက်လက်ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။
အကြိုဗိုလ်လု ပထမပွဲစဉ်ကို နံနက်ပိုင်းတွင် အဆိုပါလေ့ကျင့်ရေးကွင်း၌ ကျင်းပရာ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြပြီး ပညာရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။
အဆိုပါ အကြိုဗိုလ်လုပွဲ ပထမပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြသည်။
ညနေပိုင်းတွင် ၂၀၂၄ ခုနှစ် အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဉ်အဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။
အဆိုပါ အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုကို နယ်စပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ပညာရေဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ၊  တက္ကသိုလ်ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြသည်။
၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို စက်တင်ဘာ ၉ ရက်ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပပြီး ဗိုလ်လုပွဲစဉ်အဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်