နေပြည်တော် စက်တင်ဘာ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Academy နှင့် Naypyitaw State Polytechnic University တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Naypyitaw State Academy သို့ ရောက်ရှိကြပြီး တက္ကသိုလ်ပရိဝုဏ်အတွင်း ၂၀၂၄ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သည့် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းလျက်ရှိမှု၊ တက္ကသိုလ်အတွင်း ဘွဲ့နှင်းသဘင်ခန်းမနှင့် စာသင်ဆောင်များ ဆောက်လုပ်လျက်ရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေး တက္ကသိုလ်ပရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပစေရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Naypyitaw State Polytechnic University သို့ ရောက်ရှိကြပြီး ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သည့် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းလျက်ရှိမှု၊ အဆောက်အဦများ ဆောက်လုပ်လျက်ရှိမှုနှင့် ဘောလုံးကွင်း တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော် ဗုဒ္ဓဂယာ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး စေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် စုပေါင်းအလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ဆက်လက်၍ မြတ်ဗုဒ္ဓ၏ မဇ္ဈိမခရီးစဉ်မှတ်တမ်း ဓာတ်ပုံများ ပြခန်းအတွင်း လှည့်လည်ကြည့်ရှုပြီး စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညို၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ငြိမ်းချမ်းရေးခေါင်းလောင်းတော်အား ထိုးခတ်ပူဇော်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မုစလိန္ဒာရေအိုင်နှင့် နဂါးရုံဘုရား၊ မြတ်စွာဘုရား တရားဦးဟောတော်မူရာ ဣသိပတန မိဂဒါဝုန်တော၊ မြတ်စွာဘုရား မဟာပရိနိဗ္ဗာန်စံဝင်တော်မူရာ အင်ကြင်းတောနှင့် မြတ်စွာဘုရား ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်တော်တို့ကို လှည့်လည်ဖူးမြော်ကြည်ညို၍ သံဃာတော်များ နားနေဆောင်များနှင့် ဓမ္မာရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် စေတီတော်ကြီး ပရိဝုဏ်တော်အတွင်း ချုံနွယ်ပေါင်းမြက်များမရှိစေရေး ဆောင်ရွက်ရန်၊ အမြဲသန့်ရှင်းသာယာလှပနေစေရေး ဆောင်ရွက်ရန်၊ စေတီတော်ကြီးနှင့် အခြားအဆောက်အဦများ ရေရှည်တည်တံ့စေရေး စနစ်တကျပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်သွားရန်၊ သံဃာတော် နားနေဆောင်များ သန့်ရှင်းမှုရှိနေစေရေး ဆောင်ရွက်ရန်၊ ဓမ္မာရုံကြီး၏ မျက်နှာကြက်နှင့် ကြမ်းခင်းပျက်စီးနေမှုများအား စနစ်တကျ ပြုပြင်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဝဇီရာနန္ဒသုဗောဓာရုံကျောင်းတိုက် ဝဇီရာဓမ္မဇောတိကာ သိမ်တော်ကြီးသို့ ရောက်ရှိပြီး သိမ်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။ ဆက်လက်၍ ကျောင်းထိုင်ဆရာတော် ဝိနယဓရ၊ ဥဘ တောဝိဘင်္ဂ ကောဝိဒ၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ ဘဒ္ဒန္တဇောတိဝရအား ဖူးမြော်ကြည်ညို၍ စာသင်သံဃာများ စာသင်ကြားနေမှု အခြေအနေများနှင့် ကျောင်းအတွက် လိုအပ်ချက်များကို မေးမြန်းလျှောက်ထားပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


