နေပြည်တော် စက်တင်ဘာ ၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ် (၁၆) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် နှစ်စဉ်ဦးစီးဦးဆောင်လုပ်ပြီး ကျင်းပဆောင်ရွက်နေသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဒေသအလိုက်၊ ဌာနအလိုက် မိုးရာသီသစ်ပင်စိုက်ပွဲများကို ပြုလုပ်လျက်ရှိကြောင်း၊ သစ်ပင်သစ်တောများသည် ကမ္ဘာမြေပေါ်ရှိသက်ရှိများ ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးပါပြီး စားရေရိက္ခာဖူလုံရေး၊ ရာသီဥတုမျှတရေး၊ သဘာဝဘေး အန္တရာယ်များ တားဆီးကာကွယ်ရေး၊ ရေနှင့်မြေဆီလွှာ ထိန်းသိမ်းရေးစသည့် တိုက်ရိုက်အကျိုးကျေးဇူးများနှင့် ဂေဟစနစ် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိကြောင်း။
“မိုးပေါ်ကရေ၊ မြေပေါ်ကတော၊ မိုးရေကို ငွေလိုစု၊ ရွှေဥတဲ့တော” ဆိုသည့်အတိုင်း သစ်ပင်သစ်တောများသည် ရေအရင်းအမြစ်များ၊ ရေသယံဇာတများကို ထိန်းသိမ်းပေးသည့်အတွက် အလွန်အဖိုးတန်လှကြောင်း၊ သစ်ပင်များ၏ အမြစ်များသည် မြေဆီလွှာကို ကုပ်တွယ်ထိန်းသိမ်းထားပြီး ရွက်အုပ်ပင်စည်များနှင့်အတူ မြေပြင်တွင် ရေစီးဆင်းမှု၊ ရေစိမ့်ဝင်မှုများကို ထိန်းချုပ်ပေးနိုင်ကြောင်း၊ ထို့ကြောင့် သဘာဝရေစစ်ကန်၊ ရေလှောင်ကန်များသဖွယ် အကျိုးပြုလျက်ရှိပြီး စားရေရိက္ခာဖူလုံရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးရေးကို အထောက်အကူပြုလျက်ရှိကြောင်း။
ရေချိုအရင်းအမြစ်များဖြစ်သည့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များနှင့် ဆည်တာတမံများ ရေရှည်တည်တံ့စေရန် ရေဝေရေလဲဒေသရှိ သစ်ပင်သစ်တောများကို ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ “ဆည်မြောင်းချောင်းကန် ရေပြည့်လျှံ၊ သစ်ပင်ရံမှ သဏ္ဌာန်လှပမြဲထာဝရ” ဆိုသည့်အတိုင်း သစ်ပင် သစ်တောများရှိမှသာ မြေတိုက်စားမှု၊ ရေတိုက်စားမှုများမှ ကာကွယ်ပြီး ဆည်များရေရှည်တည်တံ့စေမည် ဖြစ်ကြောင်း၊ လတ်တလောကြုံတွေ့နေရသည့် ရေကြီးရေလျှံမှုများသည် ရေဝေ ရေလဲသစ်တောများအကြောင်း အမျိုးမျိုးကြောင့် ပြုန်းတီးပျက်စီးခြင်း၊ နုန်းအနည်အနှစ်များ ပို့ချမှုများခြင်း၊ ရေစီးရေလာများ ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် ပျက်စီးခြင်း၏ အကျိုးဆက်များပင်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုပြောင်းလဲမှု ဒဏ်ခံနိုင်ရည်ရှိစေရန်၊ အပူဒဏ် လျော့ပါးသက်သာစေရန်၊ ကျေးလက်နေပြည်သူများအတွက် ထင်း၊ တိုင်၊ မျောစသည့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် သစ်တောစိုက်ပျိုးရေးကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ပင်စိုက် တစ်ပင်ရှင်သန်ရေးအတွက် အမြဲမပြတ် ပြုစုထိန်းသိမ်း စောင့်ရှောက်ရန်လည်း အလွန်အရေးကြီးကြောင်း။
ယခုနှစ်အတွင်း မြန်မာနိုင်ငံ ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကို လေ့လာကြည့်ပါက ယခင်ကတစ်ခါတစ်ရံသာ ရေကြီးခဲ့သည့် မြို့များ၌ ယခုအခါ နှစ်စဉ်ဆိုသလို ရေကြီးရေလျှံမှုများ ကြုံတွေ့လာရသည်ကိုတွေ့ရကြောင်း၊ သဘာဝကိုကောင်းအောင် ဖန်တီးသည်မှာ လူသားများဖြစ်သကဲ့သို့ ဆိုးအောင်ဖန်တီးသည်မှာ လူသားများပင်ဖြစ်ကြောင်း၊ လူသာလျှင်ပဓာနဖြစ်သည့်အတွက် သဘာဝသစ်တောများ စနစ်တကျစီမံအုပ်ချုပ်ခြင်း၊ တောနိမ့်တောပါး နေရာများတွင် သစ်တောစိုက်ခင်း တည်ထောင်ခြင်း၊ ရေဝေရေလဲဧရိယာများတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားကြမည်ဆိုလျှင် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုနှင့် သဘာဝ ဘေးအန္တရာယ်များကို ထိရောက်စွာ ကာကွယ်လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း။
“သစ်တောများသည် အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်အကျိုးစီးပွားနှင့် အနာဂတ်ဖွံ့ဖြိုးမှု” ဟု ဆိုသည့်အတိုင်း သဘာဝသယံဇာတ အမွေအနှစ်ဖြစ်သည့် သစ်တောများကို အားလုံးဝိုင်းဝန်း ထိန်းသိမ်းပြုစုစောင့်ရှောက်မှသာ နောင်သားစဉ်မြေးဆက်အတွက် စိမ်းလန်းစိုပြည်ပြီး သဘာဝအရင်းအမြစ်များ ကြွယ်ဝသည့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို လက်ဆင့်ကမ်းပေးနိုင်မည် ဖြစ်ကြောင်း။
နိုင်ငံတစ်ဝန်း မြို့ပြများနှင့် ရပ်ရွာ၊ ကျေးလက်ဒေသအသီးသီးတွင် စိမ်းလန်းစိုပြည်သာယာစေရေးအတွက် သစ်ပင်သစ်တောများ၊ စိမ်းလန်းစိုပြည်သည့် သစ်တောမြေယာရှုခင်း Landscape များကို စဉ်ဆက်မပြတ် တိုးမြှင့်စိုက်ပျိုးတည်ထောင်ရေး အလေးထားဆောင်ရွက်ပေးကြရန်၊ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ရာသီဥတုပြောင်းလဲ မှုလျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် အလွန်အရေးပါသည့် သစ်ပင် သစ်တောများ၊ သစ်တောဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်းများကို ဘက်စုံကဏ္ဍစုံမှ ရှုမြင်သုံးသပ်ပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကံ့ကော်ပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများသည် ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါး စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယနေ့ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး ၁၅ မျိုး၊ အပင်ပေါင်း ၃၀၀၀ ကို စိုက်ပျိုးခဲ့ ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ နိုင်ငံအဆင့် သစ်ပင်စိုက်ပွဲတော် ၁၀ ကြိမ်၊ စိုက်ပင်ပေါင်း ၁၇၆၇၇ ပင်၊ နိုင်ငံနှင့်တစ်ဝန်း သစ်ပင်စိုက်ပွဲတော် ၁၅၈၄ ကြိမ်၊ စိုက်ပင်ပေါင်း ၁ ဒသမ ၁၃၈ သန်းကျော်ကို စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နှစ်စဉ်သစ်ပင်စိုက်ပျိုးခြင်းကို အားပေးဆောင်ရွက်လျက်ရှိရာ၌ ယခုနှစ်အပါအဝင် နိုင်ငံတစ်ဝန်းသစ်ပင်ပေါင်း ၂၂ ဒသမ ၈၅၆ သန်းကို စိုက်ပျိုးတည်ထောင်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


