နေပြည်တော်    စက်တင်ဘာ    ၈

 

၂၀၂၄ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ယူနက်စကို အမျိုးသားကော်မရှင်မှ တာဝန်ရှိသူများ၊   ပညာရှင်အဖွဲ့များမှ ပညာရှင် ဆရာကြီး ဆရာမကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “စေတနာပန်းတို့လန်းရာမြေ” သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

 

ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနာယက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ကမ္ဘာပေါ်တွင်ရှိသည့် လူတိုင်းစာတတ် မြောက်စေရန် တွန်းအားပေးသည့်အနေဖြင့် နှစ်စဉ်စက်တင်ဘာလ ၈ ရက်နေ့ကို “နိုင်ငံတကာ စာတတ်မြောက်ရေးနေ့” အဖြစ် သတ်မှတ်ထားကြောင်း၊ ၁၉၆၆ ခုနှစ်မှ စတင်၍ ယူနက်စကိုအဖွဲ့က ဦးဆောင်လျက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ကြောင်း၊ ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးတွင်လည်း ယူနက်စကိုအဖွဲ့ကြီး အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နှိုးဆော်မှုဖြင့် နိုင်ငံသူနိုင်ငံသားတိုင်းကို စာမတတ်သူများအဖြစ်မှ စာတတ်မြောက်လာသူများ ဖြစ်လာအောင် တွန်းအားတစ်ရပ်အနေဖြင့်  ကြိုးပမ်းဆောင်ရွက်လျက် ရှိကြကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် ယူနက်စကိုအဖွဲ့ကြီးက ချီးမြှင့်ခဲ့သည့် မိုဟာမက် ရီဇာပါလာဗီဆုကို ၁၉၇၁ ခုနှစ်တွင် လည်းကောင်း၊ နိုမာဆုတို့ကို ၁၉၈၃ ခုနှစ်တွင် လည်းကောင်းရရှိခဲ့မှုသည့် မြန်မာနိုင်ငံ၏ စာမတတ်သူပပျောက်ရေး လှုပ်ရှားမှုများကို ကမ္ဘာက အသိအမှတ်ပြုခဲ့သည့် အောင်မြင်မှုများပင်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးစသည့် ကဏ္ဍ (၃) ရပ်တွင် ဦးတည်ချက် (၉) ရပ်ကို ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း။ အဆိုပါ ဦးတည်ချက်များအနက် လူမှုရေးကဏ္ဍတွင် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရေး” ဟူသော ဦးတည်ချက်ကို အကောင်အထည်ဖော်နိုင်ရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းပြီး ပညာ ရေးမှာ လူတိုင်းတက်ရောက်သင်ကြားနိုင်အောင် ကျောင်းသင်ပညာရေး (Formal Education) ကဏ္ဍ အပြင် ကျောင်းပြင်ပပညာရေး (Non-Formal Education) ကဏ္ဍဖြင့်ပါ ဆောင်ရွက်လျက်ရှိကြောင်း။  

 

ယခုနှစ်အတွက် ယူနက်စကိုက ထုတ်ပြန်ထားသည့်  နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်ဖြစ်တဲ့ “အပြန်အလှန် နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် စာတတ်မြောက်ရန် လိုအပ်လို့ ဘာသာစကားစုံ ပညာရေးကို မြှင့်တင်ကြပါစို့” "Promoting multilingual education: Literacy for mutual understanding and peace" ဆောင်ပုဒ်အတိုင်း စာတတ်မြောက်ခြင်းသည် တစ်ဦးချင်းစီ၏ အကျိုးကျေးဇူးများ ရရှိရုံသာမက မိမိတို့ရဲ့ နိုင်ငံတွင်း၊ ဒေသတွင်း  လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေရန် စွမ်းဆောင်ပေးနိုင်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

 

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ စာမတတ်သူဦးရေ လျှော့ချနိုင်ရေးအတွက် စာတတ်မြောက်အောင် သင်ကြားပေးခြင်းဖြင့် သန်းခေါင်စာရင်းအရ စာမတတ်သူဦးရေကို နှစ်အလိုက် လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် စာဖတ်ရှိန်မြှင့်တင်ပေးခြင်း၊ ဝင်ငွေတိုးပွားရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ လူနေမှုဘဝ မြင့်မားရေးတို့အတွက် အသိပညာပေးခြင်းအစီအစဉ် (၃) ခု ပါဝင်သည့် စဉ်ဆက်ပညာရေးလုပ်ငန်းများ၊ ကျောင်းပြင်ပရောက် ကလေးများအတွက် ကျောင်းပြင်ပ မူလတန်းနှင့် ကျောင်းပြင်ပအလယ်တန်း ပညာရေးအစီအစဉ်များကို ဆောင်ရွက်ရာတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားသည်။

 

ယင်းနောက် ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်ထံမှ ပေးပို့သောသဝဏ်လွှာကို မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ဖတ်ကြားပြီး စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု(VIDEO CLIP) ကို ပြသသည်။

 

ထို့နောက် နေပြည်တော် ပျဉ်းမနားမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် သီဆိုဂုဏ်ပြု ဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

အခမ်းအနားအပြီးတွင်  ပြည်ထောင်စုဝန်ကြီးသည် သီဆိုဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပြီး ၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိန်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြေင်း သတင်းရရှိသည်။

 

သတင်းစဉ်