နေပြည်တော်၊ စက်တင်ဘာ   ၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ လူမှုဝန်ထမ်းအတတ်သင် သိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည့် မသန်စွမ်းကျောင်းသား၊ ကျောင်းသူများ၏ သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုအစီအစဉ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ်များ၏ သဘော သဘာဝအရ အချို့သော သဘာဝ‌ဘေးအန္တရာယ်များသည် ရာသီဥတုဖြစ်စဉ်များအပေါ် မူတည်ပြီး အချိန်ကာလအလိုက် ဖြစ်ပွားလေ့ရှိသကဲ့သို့ ငလျင်ဘေးအန္တရာယ်ကဲ့သို့သော ဘေးအန္တရာယ်မျိုးမှာမူ နေရာဒေသမရွေး၊ အချိန်ကာလမရွေး၊ ကျရောက်ဖြစ်ပွားနိုင်သည့် အတွက် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိထားပြီး ဘေးအန္တရာယ်မှ လျော့ပါး သက်သာစေနိုင်သည့် ရှောင်တိမ်းရန် နည်းလမ်းများကိုလည်း အလေ့အကျင့်ပြုလုပ်ထားရှိရန် လိုအပ်ပါကြောင်း။

ယနေ့ဇာတ်တိုက်လေ့ကျင့်မှုတွင် ပါဝင်သည့် မသန်စွမ်းကျောင်း သားကျောင်းသူ မျိုးဆက်သစ် လူငယ်များအနေဖြင့် မသန်သော်လည်းစွမ်းသည့် မိမိတို့၏စွမ်းရည်များကို ဇာတ်တိုက်လေ့ကျင့်မှု အတွေ့အကြုံကောင်းများဖြင့် ပေါင်းစပ်၍ မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်ကို ဘေးအန္တရာယ်များ၏ ထိခိုက်မှုမှ လျော့နည်းစေရေးပါဝင်ဆောင်ရွက် ကြရန် တိုက်တွန်းပြောကြားသည်။ 
ဇာတ်တိုက်လေ့ကျင့်မှုအစီအစဉ်အရ နံနက်ပိုင်းတွင် မသန်စွမ်းသက်ငယ်သင်တန်း ကျောင်း (ရန်ကုန်)၌ မသန်စွမ်းကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်း များက မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၌ အမြင်အာရုံမသန်စွမ်းသူ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများက ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင် ဆင်ခြင်းဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှုကို ဘေးအန္တရာယ်မဖြစ်မီ ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်အိတ်ပြင်ဆင်ခြင်း၊ ဘေးအန္တရာယ်ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်  လိုက်နာ ဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန်များကို ပြောကြားခြင်း၊  ဘေးလွတ်ရာနေရာများသို့ ကြိုတင်သတ်မှတ်ထားသည့် လမ်းကြောင်းများအတိုင်း တိမ်းရှောင်ခြင်း၊ မိသားစုဆုံရပ် များသို့ သွားရောက်ခြင်းတို့ကို စိတ်ပါဝင်စားစွာဖြင့် ပါဝင်လေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်