နေပြည်တော် စက်တင်ဘာ ၈

Yar Zar Min Industry co.ltd မှ တည်ဆောက်ပြီးစီးသည့် လျှပ်စစ်မော်တော်ယာဉ်နှင့် ဓါတ်အားဖြည့်သွင်းရုံ (EV Charging Station) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ (၃၅) လမ်းနှင့် ကမ်းနားလမ်းထောင့် (ဂေါဝိန်ဆိပ်) ရှိ ယင်းဓါတ်အားဖြည့်သွင်းရုံ ယာယီမဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားသို့ လျှပ်စစ်သုံးယာဉ်များပြေးဆွဲ၊ အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ကုမ္ပဏီမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးက အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့များနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မြေနေရာများကို ရွေးချယ်သတ်မှတ် လျာထားခဲ့ပြီး နေပြည်တော်တွင် ခြောက်နေရာ၊ ရန်ကုန်တွင် ရှစ်နေရာ၊  မန္တလေးတွင် ရှစ်နေရာ နှင့်  ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင်  ကိုးနေရာ စုစုပေါင်း (၃၁) နေရာကို Pilot Project အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။

 

ယခုဖွင့်လှစ်သည့် (၃၅) လမ်းနှင့် ကမ်းနားလမ်းထောင့် (ဂေါဝိန်ဆိပ်) နေရာ (EV Charging Station) သည် တစ်နိုင်ငံလုံးအနေဖြင့် အခု (၂၀) မြောက် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးများရှိ (EV Charging Station) များတွင် ကားလေး ၁၀ စီး တပြိုင်နက် အားသွင်းနိုင်ပြီး၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ (EV Charging Station) များတွင် ကားလေး ၁၀ စီးနှင့် ဘတ်စ်ကား လေးစီး တပြိုင်နက်အားသွင်းနိုင်ပြီ ဖြစ်ပါကြောင်း မန္တလေးမြို့တွင် ယခုလို (EV Charging Station)များ တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့သည့်အတွက် မန္တလေးမြို့နှင့်အနီးတဝိုက်ရှိ မြို့များတွင်လည်း လျှပ်စစ်ကားများ အသုံး ပြုသွားလာနိုင်တော့မည်ဖြစ်ကြောင်းပြောကြားသည်။

 

 

ထို့နောက် Yar Zar Min Industry co.ltd မှ တာဝန်ရှိသူတစ်ဦးက (EV Charging Station) တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်နှင့် တာဝန်ရှိသူများက လျှပ်စစ်မော်တော်ယာဉ် ဓါတ်အား ဖြည့်သွင်းရုံကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးက Yar Zar Min EV-Charging Station ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ လျှပ်စစ်သုံးယာဉ်များ လက်တွေ့အားဖြည့်နေမှုနှင့် စမ်းသပ်မောင်းနှင်နေမှုတို့ကို ကြည့်ရှုအားပေးသည်။

 

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦးအထူးအဖွဲ့ (၆) မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွင်ကို လည်းကောင်း၊ လမ်းအသုံးပြုခ ကောက်ခံလျက်ရှိသော တံခွန်တိုင်တိုးလ်ဂိတ်၊ အိုးထုတ္တန်းမီနီတိုးလ်ဂိတ်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ စကားအင်းတိုးလ်ဂိတ်နှင့်  သီးကုန်းတိုးလ်ဂိတ်တို့ကို လည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၈၄) ရှိ ယာဉ်ရပ်နားစခန်းအတွင်း၌ ရာဇာမင်းကုမ္ပဏီမှ တည်ဆောက်လျက်ရှိသည့် EV Charging Station ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး စီလမ်းဆုံ တိုးလ်ဂိတ်တို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီ ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်