ညွန့်ဝင်း(နတ်တလင်း)
နိုင်ငံတစ်နိုင်ငံတွင် ကဏ္ဍအသီးသီးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာ၌ နိုင်ငံအတွင်းရှိ လူဦးရေ၏ အချက်အလက် အရင်းအမြစ်တို့အပေါ် မူတည်ဆောင်ရွက်ရသည်။ နိုင်ငံအတွင်းရှိ လူဦးရေအားလုံး၏ အသက်အရွယ်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ အလုပ်အကိုင်၊ ယောက်ျား၊ မိန်းမ စသည့်စာရင်းအင်း အချက်အလက်များကို တိကျမှန်ကန်စွာသိရှိနိုင်မှသာ ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများကို စနစ်တကျ တွက်ချက်ဆောင်ရွက်နိုင်ပါသည်။ ထို့ကြောင့် လူဦးရေအားလုံး၏ စာရင်းအင်း အချက်အလက်များကို အသေးစိတ် ကောက်ယူမှတ်တမ်းပြုစုရသည့် လုပ်ငန်းသည် အလေးထားလုပ်ဆောင်ရမည့်လုပ် ငန်းဖြစ်ပါသည်။ ထိုသို့လူဦးရေအားလုံး၏ စာရင်းအင်းအချက်အလက်များကောက်ယူသည့်လုပ်ငန်းကို သန်းခေါင်စာရင်း ကောက်ယူခြင်းဟုခေါ်သည်။ သန်းခေါင်စာရင်းကို ၁၀ နှစ်တစ်ကြိမ် ကောက်ယူဆောင်ရွက်ရသည်ဖြစ်ရာ သန်းခေါင်စာရင်းဟူသော ဝေါဟာရသည် ၁၀ နှစ်တစ်ကြိမ် လူဦးရေရေတွက်ခြင်း သို့မဟုတ် လူဦးရေစာရင်း ကောက်ယူခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပေသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ သန်းခေါင်စာရင်းကောက်ယူ
သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် ယခုမှလုပ်ကိုင်သည့် လုပ်ငန်းသစ်မဟုတ်ပါ။ မြန်မာနိုင်ငံတွင် ရှေးမြန်မာမင်းများ လက်ထက်မှစ၍ လူဦးရေစစ်တမ်းအသွင်ဖြင့် ကောက်ယူခဲ့ကြသည်။ ကိုလိုနီခေတ် ဗြိတိသျှ အစိုးရလက်ထက် ၁၈၇၂ ခုနှစ်တွင် အောက်မြန်မာနိုင်ငံကို သန်းခေါင်စာရင်းကောက်ယူခဲ့သည်ဟု သိရပါသည်။ ၁၈၇၂ ခုနှစ် ညသန်းခေါင်အချိန်မှစ၍ ကောက်ခံခဲ့သည်ကို အကြောင်းပြုပြီး သန်းခေါင်စာရင်းဟု ခေါ်တွင် ခဲ့သည်။ ထို့နောက် ၁၈၈၁ ခုနှစ်တွင် တစ်ကြိမ်ထပ်မံ ကောက်ခံခဲ့ပြီး ၁၈၈၆ ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး ကိုလိုနီဘဝရောက်ပြီးနောက် ဗြိတိသျှအစိုးရက ၁၉၉၁ ခုနှစ် တွင် တစ်ပြည်လုံးအတိုင်းအတာဖြင့် သန်းခေါင် စာရင်းကောက်ယူခဲ့သည်။ ဗြိတိသျှတို့သန်းခေါင်စာရင်းကောက်ယူခဲ့သော ရည်ရွယ်ချက်မှာ စစ်မှုထမ်းနိုင်သည့် အသက်အရွယ်အပိုင်းအခြား၊ လူဦးရေ၊ အခွန်တော်ငွေ ရရှိနိုင်မှုနှင့် အခြားအကျိုးအမြတ် အဆီအနှစ် ရရှိနိုင်မှုတို့ကို တွက်ချက်နိုင်ရန်ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ သန်းခေါင်စာရင်း ကောက်ယူခြင်းကို နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးလိုအပ်ချက်များကို စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဖြည့်ဆည်းနိုင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် ကောက်ယူလာခဲ့ခြင်း ဖြစ်သည်။
၁၉၅၃ ခုနှစ်က မြို့ပေါင်း ၂၅၂ မြို့သာ ကောက်ယူနိုင်ခဲ့
လွတ်လပ်ပြီးစ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း ကောက်ယူခြင်းကို ၁၉၅၁ ခုနှစ်တွင် ကောက်ယူရန် ဆောင်ရွက်ခဲ့သော်လည်း ပြည်တွင်း သောင်းကျန်းမှု အနှောင့်အယှက်များကြောင့် မအောင်မြင်ခဲ့ဘဲ ၁၉၅၃ ခုနှစ် ရောက်မှသာ ကောက်ယူနိုင်ခဲ့သည်။ ၁၉၅၃ ခုနှစ်က ကောက်ခံခဲ့သော သန်းခေါင်စာရင်းမှာ မြို့ပေါင်း ၂၅၂ မြို့ သာ ကောက်ယူနိုင်ခဲ့ပြီး နိုင်ငံလူဦးရေ၏ ၁၅ ရာခိုင်နှုန်းသာ ကောက်ယူစာရင်းပြုစု နိုင်ခဲ့ခြင်းဖြစ်သည်။ ကျန်ရှိနေသော မြို့နယ်များရှိ နယ်မြေများကို ၁၉၅၅ ခုနှစ်တွင် ဆက်လက်ကောက်ယူရန် ကြိုးစားခဲ့သော်လည်း နိုင်ငံမတည်ငြိမ်မှုကြောင့် မကောက်ခံခဲ့ရပေ။ တစ်ဖန် ၁၉၅၇ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူမှုကို နမူနာလူဦးရေ သန်းခေါင်စာရင်းသာကောက်ယူနိုင်ခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် စာရင်းကောက်ယူရန် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း နိုင်ငံရေးအခြေအနေ မတည်ငြိမ်၍ အထမမြောက်ခဲ့ပေ။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီတက်လာပြီး နောက်ပိုင်း ၁၉၆၄ ခုနှစ်တွင် ဗဟိုစာရင်း အင်းနှင့် စီးပွားရေးဌာန၊ အမျိုးသား မှတ်ပုံတင်ရေးနှင့် သန်းခေါင်စာရင်းဌာနတို့ပူးပေါင်းပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ပူးပေါင်း ကူညီမှုဖြင့် လူဦးရေနှင့် စီးပွားရေးစစ်တမ်းကို ကောက်ယူနိုင်ခဲ့သည်။ ထို့ကြောင့် သန်းခေါင်စာရင်းကို ကျယ်ကျယ်ပြန့်ပြန့် နှင့် အောင်အောင်မြင်မြင် ကောက်ခံနိုင်ရေးအတွက် နိုင်ငံအတွင်း အေးချမ်းတည်ငြိမ်မှုရှိရန် လိုအပ်သကဲ့သို့ ပြည်သူအားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြရန်လည်း လိုအပ်ပါသည်။
မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် ၁၉၇၂ ခုနှစ်၌ သန်းခေါင်စာရင်းဥပဒေကို ပြဋ္ဌာန်း၍ ၁၉၇၃ ခုနှစ် ဧပြီလ ၅ ရက်နေ့အထိ စာရင်းကောက်ယူခဲ့သည်။ သန်းခေါင် စာရင်းကို အပြည့်ကောက်သန်းခေါင် စာရင်း၊ နမူနာလူဦးရေသန်းခေါင်စာရင်း၊ နမူနာအိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ စက်မှုလက်မှု သန်းခေါင်စာရင်း၊ အိမ်တွင်းစက်မှုလက်မှု သန်းခေါင်စာရင်း၊ အိမ်တွင်းစားသုံးကုန် ထုတ်လုပ်မှု သန်းခေါင်စာရင်း၊ စိုက်ပျိုးရေးသန်းခေါင် စာရင်းစသည်ဖြင့် သန်းခေါင်စာရင်း ကောက်ယူမှုအလိုက် အမျိုးအစား အမျိုးမျိုး ကွဲပြားပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက် ၁၉၇၃ ခုနှစ်တွင် ကောက်ခံခဲ့သော သန်းခေါင်စာရင်းမှာ အပြည့်ကောက်လူဦးရေသန်းခေါင်စာရင်းဖြစ်ပါသည်။ ထိုသန်းခေါင်စာရင်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ကောက်ခံနိုင်ခဲ့သော အပြည့်ကောက် လူဦးရေ သန်းခေါင်စာရင်းဖြစ်သည်။ ၁၉၇၃ ခုနှစ် တွင် ကောက်ခံခဲ့သော သန်းခေါင်စာရင်းသည် ၁၉၇၄ ခုနှစ်တွင် ပြည်သူသို့အာဏာ အပ်နှင်းနိုင်ရန်အတွက် အဆင့်ဆင့်သော ရွေးကောက်ပွဲများကျင်းပနိုင်ရန်၊ ပြည်သူ့မဲဆန္ဒရှင် စာရင်းပြုစုနိုင်ရန်နှင့် လူမှုရေး၊ စီးပွားရေးစီမံကိန်းများချမှတ် အကောင်အထည် ဖော်နိုင်ရန်ဖြစ်သည်။
မြန်မာ့သမိုင်းစဉ်တစ်လျှောက်တွင် အကောင်းဆုံးနှင့် အပြည့်စုံဆုံး သန်းခေါင်စာရင်း
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် သန်းခေါင်စာရင်းကောက်ယူနိုင်မှု အခြေအနေကို ပြန်ကြည့်လျှင် ၁၉၇၃ ခုနှစ်၊ ၁၉၈၂ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်တို့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ ကြောင်း တွေ့ရသည်။ ဤတွင် ၁၉၈၂ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ ဒုတိယအကြိမ် တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက် ယူနိုင်ခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၃ဝ ကြာ သန်းခေါင် စာရင်း မကောက်ယူနိုင်ခဲ့ဘဲ ၂၀၁၄ ခုနှစ် ရောက်မှ တတိယအကြိမ်ကောက်ယူနိုင်ခဲ့သည်။ သန်းခေါင်စာရင်းကောက်ယူ ခဲ့မှုများတွင် ၂၀၁၄ ခုနှစ် တတိယအကြိမ်မြောက် တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်းသည် မြန်မာ့သမိုင်း စဉ်တစ်လျှောက်တွင်အကောင်းဆုံးနှင့် အပြည့်စုံဆုံး သန်းခေါင်စာရင်း ဖြစ်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ကောက်ခံခဲ့သော သန်းခေါင်စာရင်း အချက်အလက်များအရ လူဦးရေသန်းခေါင်စာရင်းနှင့် အိမ်ထောင်စုစစ်တမ်း၊ လုပ်သားအင်အားစု စစ်တမ်း၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ မွေးဖွားဦးရေ၊ သေဆုံးနှင့် ကျန်ဦးရေ၊ ရွှေ့ပြောင်းသွားလာသူဦးရေ၊ အိမ်အကြောင်းအရာ စသည်တို့ကို ပြည့်ပြည့် စုံစုံကောက်ယူနိုင်ခဲ့သည်။
ကျွန်တော်တို့နိုင်ငံတွင် လူဦးရေနှင့် ၎င်းတို့နှင့်စပ်ဆိုင်သော အကြောင်းအရာ အချက်အလက်တို့သည် အမြဲပြောင်းလဲနေရာ ၂၀၂၄ ခုနှစ်တွင် ၁၀ နှစ်ကြာ ပြောင်းလဲမှုများ၏ စာရင်းသစ်အချက်အလက်များကို တိကျမှန်ကန်စွာ ကောက်ယူစာရင်းပြုစုရန် လိုအပ်လာပြီ ဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာရှိ လူဦးရေနှင့် အိမ်အကြောင်းအရာများကို စာရင်းကောက်ယူ မှတ်တမ်းတင်တော့မည် ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ လူဦးရေနှင့် အိမ်အကြောင်းအရာများကို တိတိကျကျ၊ မှန်မှန်ကန်ကန်နှင့် ပြည့်ပြည့်စုံစုံ ကောက်ယူနိုင်မှသာ ပြည်သူများအတွက် လိုအပ်သော လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ လူဦးရေနှင့် အိမ် အကြောင်းအရာများကို စာရင်းကောက်ယူ ရာတွင် ပြည့်စုံမှန်ကန်ရေးအတွက် ပြည်သူအားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် လိုအပ်ပါသည်။ လူဦးရေကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှသာ ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် တိကျမှန်ကန်သော မဲဆန္ဒရှင်ဦးရေစာရင်းကိုလည်း ပြုစုနိုင်မည် ဖြစ်သည်။ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်နှင့် ပြည်သူအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်း ကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော် တာဝန် လွှဲအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ မှန်ကန်ပြည့်စုံသော သန်းခေါင်စာရင်း အချက်အလက်များရရှိစေရန် တာဝန်သိသိ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်လှပါသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းများကို နိုင်ငံတော် စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လအထိ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုကာလ လျာထားသတ်မှတ်၍ ကြိုတင် ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းဇယားပြုစုခြင်း၊ လုပ်ငန်းဆန်းစစ် လေ့လာခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းဟူသော လုပ်ငန်းစဉ် (၄) ရပ်ကို အဆင့်ဆင့် ဆောင်ရွက်လျက်ရှိသည်။ ထိုလုပ်ငန်းစဉ်များ အောင်မြင်ပြီးမြောက်ရေးသည် နိုင်ငံအေးချမ်းတည်ငြိမ်မှု၊ သက်ဆိုင်ရာဌာနများနှင့် အများပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုအပေါ်တွင် မူတည်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအေးချမ်းတည်ငြိမ်မှုရရှိအောင် ကြိုးပမ်းတည်ဆောက်လျက်ရှိရာ တာဝန်သိစွာဖြင့် ပြည်သူများအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မှန်ကန် တိကျသော သန်းခေါင်စာရင်းကောက်ယူ ရေးသည် ပြည်သူတစ်ဦးချင်းစီ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်မှု၊ တစ်နိုင်ငံ လုံးရှိ ပြည်သူအားလုံး၏ အကျိုးစီးပွား ကို လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မှုတို့နှင့် ဆက်စပ်နေပေရာ မိမိနှင့် မိမိတို့ တစ်မျိုးသားလုံး၏ ကောင်းကျိုး ကို ဖော်ဆောင်နိုင်မည့်လုပ်ငန်းအဖြစ် သဘောပေါက်ခံယူကာ လူတိုင်းပါဝင် ဆောင်ရွက်သင့်ပေသည်။
၁၀ နှစ်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူ
မြန်မာ့သမိုင်းကို ပြန်ကြည့်လျှင် ဗြိတိသျှတို့ သန်းခေါင်စာရင်းကောက်ယူခဲ့စဉ်က ပြည်နယ်အချို့ကို ချန်လှပ် ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့ချန်လှပ်ခဲ့ခြင်းမှာ ဗြိတိသျှတို့၏ သွေးခွဲ အုပ်ချုပ်မှုဗျူဟာအရ တစ်နိုင်ငံလုံး တန်းတူညီတူ မဖွံ့ဖြိုးမတိုးတက်စေရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဤအချက်ကို သမိုင်းသင်ခန်းစာ ယူ၍ မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူ အားလုံး၏ ကောင်းကျိုးစီးပွားကို မှန်ကန်စွာဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းများ အောင်မြင်စေရန် အမျိုးသားရေး စိတ်ဓာတ်၊ နိုင်ငံနှင့် ပြည်သူအပေါ် ချစ်မြတ်နိုးသော စိတ်ဓာတ်တို့ဖြင့် အားသွန်ကြိုးပမ်း ပါဝင်ဆောင်ရွက်သင့်ပေသည်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး ကလည်း နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူဦးရေကို တိုင်းတာ ဆောင်ရွက်နိုင်ရန် ၁၀ နှစ် တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူရန် အကြံပြုခဲ့သည်။ ထို့ကြောင့် မိမိကောင်းကျိုး၊ မိမိနိုင်ငံ ကောင်းကျိုးကို မိမိတို့ကိုယ်တိုင် ဆောင်ရွက်ခြင်းသည် ကောင်းမြတ်မှန်ကန်သော ဆောင်ရွက်မှုဖြစ်ရာ “ကောင်းမှုမြတ်နိုး၊ ကောင်းအောင် ကြိုး၍၊ ကောင်းကျိုး ကိုယ်၌တည်စေမင်း” ဆိုသကဲ့သို့ ယခု ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းရပ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အားလုံးပူးပေါင်း ဆောင်ရွက်ကြပါစို့ ဟု တိုက်တွန်းနှိုးဆော် ရေးသားလိုက်ရ ပါသည်။