အာရှတွင်မရှိသော ငှက်မျိုးစိတ်အချို့သည် မြန်မာနိုင်ငံ ကြက်မောက်တောင်ဆည်အတွင်း၌   ဒေသမျိုးရင်းများအဖြစ် တည်ရှိလျက်ရှိပြီး အဆိုပါငှက်ကိုးမျိုးသည် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှု ပြယုဂ်တစ်ခုအဖြစ် ဂုဏ်ယူဖွယ်ရှင်သန် ကျက်စားလျက်ရှိသည်။

 

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပန်းတောင်း-မိတ္ထီလာ ကားလမ်းဘေးတွင်ရှိသည့် ကြက် မောက်တောင်ဆည်သည် ပုပ္ပားတောင်မှ တောင်ဘက်သို့စီးဆင်းသည့် တောင်ဆင်းချောင်းနှင့် ကျောက်ပုံချောင်းကိုပိတ်၍ တည်ဆောက်ထားခြင်းဖြစ်ပြီး ကြက်မောက်တောင်ဆည်ကို  ကာကွယ်ရန် ကြက်မောက်တောင်ကြိုးဝိုင်း၊ ပုပ္ပားတောင်ကြိုးဝိုင်းတို့ကို ကနဦးစတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ပုပ္ပားတောင်အမျိုး ဥယျာဉ်ကိုဖွင့်လှစ်ခဲ့ကာ ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်အဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့သည်။

 

ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်ကို အမှီပြုသည့် သစ်တောငှက်များနှင့် ကြက်မောက်တောင်ဆည်ကို အမှီပြုကြသည့် ရေပျော် ငှက်များ ကျက်စားလျက်ရှိရာ ဇီဝမျိုးစုံမျိုးကွဲများ ပိုမိုရှင်သန်ကျက်စား လာမှုဖြင့် အင်းလေးကန်ကဲ့သို့ ငှက်ကြည့်ဝါသနာရှင်များလာရောက် လေ့လာကြသည့်နည်းတူ ဒေသမျိုးရင်း ငှက်ကိုးမျိုးကိုလည်း လာရောက် လေ့လာလေ့ရှိပြီး အာရှတိုက်တွင်သာမက အာဆီယံနိုင်ငံတို့တွင် မရှိသေးသော ဒေသမျိုးရင်း ငှက်မျိုးစိတ်ကိုးမျိုးကို ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။

 

ကြက်မောက်တောင်ဆည်နှင့် ပုပ္ပားတောင်အမျိုးသားဘူမိ ဥယျာဉ်တို့တွင် လုံးဝကာကွယ်ထားသော ငှက်မျိုးစိတ် ၃၀၊ သာမန် ကာကွယ်ထားသော ငှက်မျိုးစိတ် ၄၉ မျိုးနှင့် ရာသီအလိုက်ကာကွယ် ထားသော ငှက်မျိုးစိတ် ၁၈ မျိုးတို့ ရှင်သန်ကျက်စားလျက်ရှိပြီး ရေပျော်ငှက်မျိုးစိတ် ၁၆ မျိုး၊ သစ်တောငှက်မျိုးစိတ် ၈၂ မျိုးဖြင့် စုစုပေါင်း ၉၈ မျိုးမှ ကောင်ရေ ၂၅၆၈ ကောင်ကို ထိန်းသိမ်းကာကွယ် ထား၍ နှစ်စဉ်ဆောင်းခိုငှက်များနှင့် မျိုးသုဉ်းရန်အန္တရာယ်ရှိနေသည့် ငှက်မျိုးစိတ်များ၊ ရေပျော်ငှက်များလည်း ဝင်ရောက်ကျက်စားလေ့ ရှိသည်။

 

အထူးသဖြင့် အာရှနှင့်အာဆီယံနိုင်ငံတို့တွင် မရှိသေးသော ကြက်မောက်တောင်ဆည် ဒေသမျိုးရင်း သစ်တောငှက်များဖြစ်သည့် စွေ့ငှက် (White- throated Babbler)၊ နဖားကြူးအမြီးဝိုင်း (Hooded Treepie)၊ မြန်မာဘီလုံးငှက် (Burmese bushlark)၊ ငှက်မင်းသားဝမ်းဖြူ (Joderns’s minivet)၊ ငှက်လက်မမြီးရှည်ညို (Burmese prinia)၊ ချိုးလင်းပြာ ( Burmese collared dove)၊ မျက်ခုံးဖြူငှက်ပြာချောက်၊ မြန်မာတစ်ငှက် (Burmese Tit) နှင့် ဧရာဝတီဘူဘူး (Ayeyarwaddy bulbul) တို့ ထိုဒေသအတွက်သာမက ဇီဝမျိုးစုံမျိုးကွဲများ၏ ဂေဟ စနစ်များ ထိန်းသိမ်းရှင်သန်မှုသည် နိုင်ငံအတွက် ဂုဏ်တင့်လျက်ရှိသည်။             

                    

ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ - ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်