နေပြည်တော်၊ စက်တင်ဘာ ၉

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၇) ကြိမ်မြောက် (ပုံမှန်) အစည်းအဝေး (၃/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ ကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးမင်းထွဋ်က မြန်မာနိုင်ငံအာမခံဈေးကွက်၌ နိုင်ငံသားပိုင်၊ နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင်၊ နိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ်ပိုင် အာမခံကုမ္ပဏီများကို ဟန်ချက်ညီစွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုထားပြီး အာမခံအမျိုးအစားစုံလင်စွာ လုပ်ကိုင်နိုင်ရန် ခွင့်ပြုထားပြီးဖြစ်၍ ဈေးကွက်တွင် ယှဉ်ပြိုင်လုပ်ဆောင်နေကြပြီဖြစ်ရာ အာမခံကဏ္ဍစနစ်တကျ ဖွံ့ဖြိုးတိုးတက်လာ စေရေး၊  မြန်မာနိုင်ငံ အာမခံလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ အာဆီယံအာမခံဈေးကွက်နှင့် ရင်ပေါင်တန်းနိုင်သည့် အဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် လိုက်ပါနိုင်အောင် ဆောင်ရွက်ရေး၊ လုံခြုံစိတ်ချရသည့် အာမခံအကာအကွယ် ပိုမိုရရှိလာစေရေး အတွက် အာမခံအမျိုးအစားသစ်များကို တိုးချဲ့လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုရေးနှင့် မြန်မာနိုင်ငံ အာမခံ ဈေးကွက် ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူပြုစေရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူးက (၃၆) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအ‌ပေါ် ဆောင်ရွက်ပြီးစီးမှု၊ ယခုအစည်းအဝေးတွင် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ ဆွေးနွေးဆုံးဖြတ်ရမည့် အသက်နှင့် အထွေထွေအာမခံအမျိုးအစားသစ်များ လျှောက်ထားလာခြင်း၊ အာမခံကုမ္ပဏီများ လိုက်နာကျင့်သုံးရမည့် ညွှန်ကြားချက်များ ထုတ်ပြန်ရေး၊  Adjusters and Surveyors License လျှောက်ထားခြင်း၊ ကော်ပိုရိတ်အာမခံ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့်လျှောက်ထားခြင်း၊ တစ်ဦးချင်းအာမခံကိုယ်စားလှယ်လိုင်စင်များ ထုတ်ပေးရေးနှင့်  အာမခံကိုယ်စားလှယ်သင်တန်းကျောင်းခွဲ ဖွင့်လှစ်ခွင့်ပြုရေးတို့ကို တင်ပြရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အတည်ပြုကြပြီး  ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

မြန်မာနိုင်ငံ၏ အာမခံဈေးကွက်တွင် ရာနှုန်းပြည့်နိုင်ငံခြားသားပိုင် အသက်အာမခံကုမ္ပဏီ ၅ ခု၊ ဖက်စပ်အသက်အာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံသားပိုင် အသက်အာမခံကုမ္ပဏီ ၉ ခု၊ အာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံသားပိုင် အထွေထွေအာမခံကုမ္ပဏီ ၆ ခုနှင့် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် စုစုပေါင်းအာမခံ ကုမ္ပဏီ ၂၇ ခု၊ ကော်ပိုရိတ် အသက်အာမခံကိုယ်စားလှယ် လိုင်စင်ရအဖွဲ့အစည်း ၂၃ ခု၊ ကော်ပိုရိတ် အထွေထွေအာမခံကိုယ်စားလှယ် လိုင်စင်ရအဖွဲ့အစည်း ၃၂ ခုနှင့် လျော်ကြေးညှိနှိုင်း တွက်ချက်သည့် ကုမ္ပဏီ၄ ခုတို့မှ အာမခံဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိကအာမခံကုမ္ပဏီများ က အသက်နှင့် အထွေထွေအာမခံအမျိုးအစား ၅၉ မျိုးကို မြန်မာနိုင်ငံ၏ အာမခံဈေးကွက်တွင် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်