နေပြည်တော် စက်တင်ဘာ ၉
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပသည်။
အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်နယက ဦးစိုးတင့်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းသို့ တက်ရောက်သည့် သင်တန်းသားများသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး၏ ရိုးရာခြင်းလုံးပြိုင်ပွဲတွင် တာဝန်ယူကြမည့် ခြင်းလုံးပညာရှင်များဖြစ်သည့် နည်းပြများနှင့် ဒိုင်လူကြီးများဖြစ်သည့်အတွက် သင်တန်းတွင် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ ပြုပြင်ပြောင်းလဲထားသည့် ခြင်းခတ်ပေါက်သတ်မှတ်ချက်များ၊ ခတ်နည်းအမှား၊ အမှန်များကို အချိန်နှင့်တစ်ပြေးညီသိရှိစေရန် နည်းပြလက်စွဲစာအုပ် ပြုစုထုတ်ဝေဖြန့်ချိပေးသွားမည့်အပြင် Projector နှင့် CD ခွေများကို အသုံးပြု၍ ပြသသင်ကြားပေးသွားမည်ဖြစ်၍ အမျိုးသားအားကစားပွဲတော်ကြီးအတွက် အကျိုးရှိ ထိရောက်မည့် အဆင့်မြင့်မွမ်းမံသင်တန်းတစ်ခုဖြစ်ကြောင်း၊ ပြိုင်ပွဲတစ်ခု၏ အနိုင်၊ အရှုံးသည် ဒိုင်လူကြီးများ၏ သမာသမတ်ကျမှုအပေါ် မူတည်နေသည့်အတွက် ဒိုင်လူကြီးများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ အမှတ်ပေး စည်းမျဉ်း၊ စည်းကမ်းများကို တိကျသေချာစွာ သိရှိနားလည်သဘောပေါက်ပြီး မိမိတို့ တာဝန်ယူဆောင်ရွက်မည့် ပြိုင်ပွဲများတွင် အဂတိတရားလေးပါး ကင်းရှင်းစွာ သမာသမတ်ကျကျ ဆုံးဖြတ်ဆောင်ရွက် ပေးသွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်