နေပြည်တော်၊ စက်တင်ဘာ ၉

 

၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

 

ကြည့်ရှုအားပေး

 

အဆိုပါ ဗိုလ်လုပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင် များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူနှင့် နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူ များနှင့် ဆရာ ဆရာမများ၊ ဝန်ကြီး ဌာနများမှ ဝန်ထမ်းမိသားစုများ၊ အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်ကြည့်ရှုအားပေး ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ် ဝန်ကြီးဌာန ပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ပညာရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးသည်။

 

 

အဆိုပါပွဲစဉ်တွင် နှစ်ဖက်အသင်းများသည် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက် နှင့်တစ်ဖက် အပြန်အလှန်အကြိတ်အနယ် ဖိအားပေးယှဉ်ပြိုင်ကြပြီး ပထမပိုင်းပွဲကစားချိန်ပြီးဆုံးချိန် အထိ ဂိုးရရှိခဲ့မှုမရှိဘဲ ဒုတိယပိုင်း ပွဲကစားချိန် ၆၈ မိနစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြု အသင်းက အနိုင်ဂိုးကိုသွင်းယူရရှိ ခဲ့ကာ ပွဲကစားချိန်ပြီးဆုံးချိန်တွင် ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွား ခဲ့သည်။

 

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် အကောင်းဆုံး (ဂိုးသမား)ဆုနှင့် အကောင်းဆုံး (နောက်တန်း) ဆုကို ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ညွန့်ဖေနှင့် ဦးကိုကိုလှိုင်တို့ကလည်းကောင်း၊ အကောင်းဆုံး (အလယ်တန်း)ဆု၊ အကောင်းဆုံး (ရှေ့တန်း)ဆု၊ ဂိုးသွင်းအများဆုံး အားကစားသမားဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသူများကို ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးရန်ကျော်၊ ဦးရွှေကြိမ်း၊ ခွန်စံလွင်၊ ဒေါက်တာဘရွှေတို့က လည်းကောင်း တစ်ဦးချင်းအကောင်းဆုံး ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က စတုတ္ထဆုရရှိသည့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ကိုယ်စားပြုအသင်းကို လည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက တတိယဆုရရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကိုယ်စားပြုအသင်းကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက ဒုတိယဆုရရှိသည့် ပညာရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းကိုလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေ များကို ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပထမဆုရရှိသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ကိုယ်စားပြုအသင်းအား တစ်ဦး ချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။

 

ပေးအပ်ချီးမြှင့်

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် က ပထမ ဆုရရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုအသင်းအား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

 

 

ဆုပေးပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင် အားကစားသမားများကို ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့သည်။

 

ယှဉ်ပြိုင်ကစားခဲ့

 

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာ ဝန်ကြီးဌာနကိုယ်စားပြု တက္ကသိုလ်များ ဘောလုံးအသင်း ( ခုနစ်သင်း) တို့ပါဝင်ပြီး ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၉ ရက် အထိ ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်