မြန်မာနိုင်ငံတွင် ဆယ်နှစ်တစ်ကြိမ်ကောက်ယူသည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မကြာမီကာလတွင် ကောက်ယူတော့မည်ဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူခြင်းကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ  အတတ်နိုင်ဆုံး ရသည့် နေရာများတွင် သတ်မှတ်ချက်အတိုင်း ကောက်ယူရန်နှင့် မကောက်ယူနိုင်သည့်နေရာများတွင် လုံခြုံရေးများ ထပ်မံချထားပြီး ကာလသတ်မှတ်၍ မြေပြင်အမှန်ရသမျှ ကောက်ယူရန် လမ်းညွှန်မှာကြားထားသည်။

 

ဗဟိုသန်းခေါင်စာရင်းကော်မရှင်က စက်တင်ဘာလ ၆ ရက်နေ့တွင်ပြုလုပ်သော ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏လမ်းညွှန်ချက်ကို လိုက်နာဆောင်ရွက်ရန်နှင့် ရှေ့ပြေးစာရင်းထုတ်ပြန်မည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမတိုင်မီ ရသမျှအပြီးကောက်ယူရန် မှာကြားခဲ့သည်။ သန်းခေါင် စာရင်းကောက်ယူရေး လုပ်ငန်းသည် ပြည်လုံးကျွတ် တစ်ပြိုင်တည်း ဆောင်ရွက်ရသည့် အမျိုးသားရေးလုပ်ငန်းစဉ်ကြီးဖြစ်သည်။ သို့သော် လက်ရှိဖြစ်ပေါ်နေသော လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေတို့ကြောင့် အချို့ဒေသများတွင် တစ်ချိန်တည်း မကောက်ယူနိုင်သဖြင့် လမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက် ရမည်ဖြစ်သည်။

 

သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြီးမားကျယ်ပြန့်သော လုပ်ငန်း ဖြစ်သည်။    သန်းခေါင်စာရင်းစီမံကိန်းတစ်ခုလုံး အောင်မြင်စေရန် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ အသေးစိတ်စီမံချက်ရေးဆွဲပြီး လုပ်ငန်းစဉ်အလိုက် အချိန်ဇယားသတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ  ၃၆ လ ကြာမြင့်ခဲ့ပြီး  မကြာမီကာလတွင် အကောင်အထည်ဖော်မှု ပြီးစီးတော့မည်ဖြစ်သည်။ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ထိထိရောက်ရောက် စနစ်တကျ ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ မြေပြင်ကွင်းဆင်း သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်းကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သည်။

 

ကြိုတင်ပြင်ဆင်မှုလုပ်ငန်းအများစုကို   သန်းခေါင်စာရင်းလုပ်ငန်းကြီးအား တာဝန်ယူဆောင်ရွက်ရသည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းအများစုသည် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်တာဝန်ခံများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများသာမက လူမှုရေးအဖွဲ့ အစည်းများနှင့် ပြည်သူလူထု တစ်ရပ်လုံးကပါ ပူးပေါင်းပါဝင် လက်တွဲဆောင်ရွက် ရမည့် အမျိုးသားရေးလုပ်ငန်းစဉ်ကြီးဖြစ်သည်။

 

သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ပြည်သူလူထု ပူးပေါင်း ပါဝင်ဆောင်ရွက်မှု မဖြစ်မနေလိုအပ်သည်။ လက်ရှိတွင်အချို့ဒေသများ၌ ဖြစ်ပေါ်နေသော အခြေအနေများအရ မြေပြင်တွင် အခက်အခဲများ၊ စိန်ခေါ်မှုများ မလွဲမသွေကြုံတွေ့ရမည်ဖြစ်သည်။ သို့သော်စီမံချက်ပါအတိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံနိုင်ရန်၊ တစ်ယောက်မကျန် စာရင်းကောက်ယူနိုင်ရန်၊ မေးမြန်းသမျှအပေါ်တွင် မှန်မှန်ကန်ကန် ဖြေကြားနိုင်ရန်နှင့် လိုအပ်သည့် ကိန်းဂဏန်း အချက်အလက်များရရှိစေရန် ဆောင်ရွက်ကြရမည့် တာဝန်ရှိသူများနှင့် ပြည်သူများအနေဖြင့် ကြုံတွေ့ရမည့် အခက်အခဲများနှင့် စိန်ခေါ်မှု များကို ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို ယူထားသည့်ကာလအတွင်း အမျိုးသား အကျိုးစီးပွားကို  ဦးထိပ်ပန်ဆင်ကာ အခက်အခဲတိုင်းကို မဖြစ်မနေ ဖြတ်သန်းကျော်လွှားခဲ့ပြီးဖြစ်သည်။ ယခုအခါ အခက်အခဲ အမျိုးမျိုးကြားမှ အမျိုးသားရေးလုပ်ငန်းစဉ်ကြီး ဖြစ်မြောက်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ကြိုတင်မြော်တွေးနိုင်မှု၊ ဝိုင်းဝန်းပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှုများဖြင့် အခက်အခဲပြဿနာများကို ကျော်လွှားအောင်မြင်အောင် ဆောင်ရွက်ကြ ရမည်ဖြစ်သည်။  ပြည်သူများနှင့် အဖွဲ့အစည်းများကလည်း တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြဖို့လိုမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်ကြီး အထမြောက် အောင်မြင်စေရန် အချိန်ကာလ တရွေ့ရွေ့နီးကပ်လာပြီဖြစ်သည်။ အမျိုးသားရေးလုပ်ငန်းစဉ်ကြီး အောင်မြင်စေရန် ငွေအင်အား၊ လူအင်အား၊ ကျွမ်းကျင်မှုအင်အားများ လိုအပ်သကဲ့သို့ စေတနာအား၊ စိတ်ဓာတ်ခွန်အားများလည်း လိုအပ်မည်ဖြစ်သည်။ ယခုလုပ်ငန်းစဉ်ကြီးသည် နိုင်ငံတကာအကူအညီမပါဘဲ ကိုယ့်ခွန်ကိုယ့်အားဖြင့် ဆောင်ရွက်သည့် အမျိုးသားရေးလုပ်ငန်းစဉ်ကြီးဖြစ်၍ တိကျမှန်ကန်သည့် သန်းခေါင်စာရင်းရလဒ်များ ရရှိ အောင်ဆောင်ရွက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက် ဖြစ်သည့် နည်းလမ်းကျနမှန်ကန်သည့် စစ်မှန်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် တစ်ဖက်တစ်လမ်းက အထောက်အကူပြု နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

 

ကြေးမုံ