နေပြည်တော်၊ စက်တင်ဘာ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏အကြံပေးဖြစ်သူ ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင် အတွင်းရေးမှူး Mr. Anton Kobyakov ၏ ဖိတ်ကြားမှုအရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပသည့် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် စက်တင်ဘာလ ၁ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး Mr. Is-Kander Azizov နှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါခရီးစဉ်တွင် ဒုတိယဝန်ကြီးချုပ်နှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာထမ်းများလည်း အဖွဲ့ဝင်များအဖြစ်လိုက်ပါ၍ ဖိုရမ်သို့ ပါဝင်တက်ရောက်ကြသည်။
အရှေ့ဖျားစီးပွားရေးဖိုရမ်ကို ၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများအကြား ဆက်သွယ်မှုထူထောင်ရန်နှင့် မြှင့်တင်ရန်၊ ရုရှား အရှေ့ဖျားဒေသ၏ စီးပွားရေးအလားအလာများ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် အထူးစီးပွားရေးဇုန်များရှိ စီးပွားရေးအခြေအနေများကို သုံးသပ်ဆွေးနွေးရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
စက်တင်ဘာ ၃ ရက်က မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရှရုားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Sholban Valerievich KARA-OOL ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်သည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင် ဆောင်ရွက်နေသည့် အခြေအနေများ၊ နှစ်နိုင်ငံ ခရီးသွားများ ပိုမိုလည်ပတ်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maksim Reshetnikov ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံပြီး စတုတ္ထအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်မရှင်အစည်းအဝေး၏ အစည်းအဝေး မှတ်တမ်းအရ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မြန်မာ-ရုရှား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိုရမ်၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးသည့်ခန်းမ၌ ကျင်းပပြုလုပ်သည့် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား စိုက်ပျိုးရေးကဏ္ဍအတွက် အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်ဖြစ်သည့် မြန်မာနိုင်ငံ၌ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရေးနှင့် သက်ဆိုင်သည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (MoC) လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ တက်ရောက် ကြသည်။
လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို ရုရှားနိုင်ငံဘက်မှ သမ္မတ၏ အကြံပေး ရုရှားရော့စ် ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ဥက္ကဋ္ဌ Mr. Anton Kobyakov နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး Mr. Maxim Reshetnikov တို့ တက်ရောက်ကြသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအရ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့နှင့် Fund RC-Investments တို့အကြား ပထမအဆင့်အနေဖြင့် ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်ခြင်း လုပ်ငန်းများကို လျာထားသည့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


