နေပြည်တော်၊ စက်တင်ဘာ ၉

 

နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၅) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် နယ်မြေများရှိ သင်တန်းကျောင်း အသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ကြပြီး ယနေ့နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်း အသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။

 

အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၅) မှ သင်တန်းသားများအားတွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

 

ပြည်ထောင်စု  မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန်နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့်  ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅)ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့ အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင် နေကြပြီဖြစ်သည်။

 

         

 

ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅)မှ နိုင်ငံ့သားကောင်း လူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရ ပါသည်-

 

ကျွန်တော်အပတ်စဉ်(၅) မှာ တက်ရတဲ့  အကြောင်းရင်းနဲ့ ရည်ရွယ်ချက်တွေ အများကြီးရှိပါတယ်။ နိုင်ငံကို ကာကွယ်ဖို့အတွက်၊ လူမျိုးဘာသာသာသနာကို ကာကွယ်ဖို့အတွက်ဝင်ရခြင်း ဖြစ်ပါတယ်။ အရပ်သားဘဝနဲ့ စစ်သားဘဝအများကြီး ကွာခြားပါတယ်။ ကျွန်တော်ငယ်ငယ် ကတည်းက စစ်သားအလွန်ဖြစ်ချင်တာ ဖြစ်ခွင့်ရမယ်လို့ ထင်မထားခဲ့ပါဘူး။ အခုလိုမျိုး မမျှော်လင့်ဘဲ ဒီလိုစစ်မှုထမ်းရတဲ့ အတွက်ကြောင့် ကျွန်တော်အလွန်ဝမ်းသာပါတယ်။ စစ်မှု မထမ်းရသေးတဲ့ လူငယ်တွေကိုလည်း စစ်မှုထမ်းစေချင်ပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ကာကွယ်ဖို့အတွက်ပါ။ သူငယ်ချင်းတွေကို လည်း စစ်မှုထမ်းဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ပါတယ်။

 

ကျွန်တော်ကတော့ ဒုတိယနှစ် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ကပါ။ နိုင်ငံသားတိုင်း ထမ်းဆောင် သင့်တဲ့ ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ဖို့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကျေပွန်အောင် ထမ်းဆောင်ချင်လို့ ဒီသင်တန်းကို တက်ရောက်ခဲ့ပါတယ်။ အားကြိုးမာန်တက် လေ့ကျင့် ကြိုးစားနေတဲ့ အစ်ကိုကြီးတွေကို ကြည့်ပြီးတော့ ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ ကျွန်တော်လည်း ကြိုးစားသွားမှာပါ။

 

ဒီသင်တန်းကို လာရောက်တက်ရခြင်း ရည်ရွယ်ချက်ကတော့ နိုင်ငံသားတိုင်း ထမ်းဆောင်သင့်တဲ့ ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကိုယ်တိုင်လည်းထမ်းဆောင်လိုစိတ်ရှိတဲ့အတွက် လာရောက် တက်ခြင်းဖြစ်ပါတယ်။

 

သတင်းစဉ်