ရန်ကုန်၊ စက်တင်ဘာ ၉
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လစ်လပ်နေသည့် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်လိုက်ပြီဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ဟောင်းဖြစ်သူ ဂျာမနီနိုင်ငံသား ဖိုက်အွန်ဘိုင်နာနှင့် ပြီးခဲ့သည့်လတွင် လမ်းခွဲပြီးနောက် နည်းပြသစ် ရှာဖွေခဲ့ရာ နောက်ဆုံးတွင် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဦးမျိုးလှိုင်ဝင်းသည် နည်းပြဘဝကို အပျော်တမ်းကလပ်ဖြစ်သည့် Air Bagan အသင်းတွင် စတင်ခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ် ကလပ်များဖြစ်သည့် ရန်ကုန် ယူနိုက်တက်၊ နေပြည်တော်၊ ဧရာဝတီ ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက် အသင်းတို့ကို ကိုင်တွယ်ခဲ့သည်။
ဦးမျိုးလှိုင်ဝင်းသည် နောက်ဆုံးကလပ်အဖြစ် ရှမ်း ယူနိုက်တက အသင်းကို ယခုနှစ်ဆန်းပိုင်းမှ စတင် ကိုင်တွယ်ခဲ့သော်လည်း MNL League Cup ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို MNL အမှတ်ပေးပြိုင်ပွဲတွင်လည်း ထိပ်ဆုံးနေရာ ပို့ဆောင်ပေးနိုင်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်နေရာအတွက် ဦးမျိုးလှိုင်ဝင်းကို ကမ်းလှမ်းခဲ့သဖြင့် ရှမ်းယူနိုက်တက် အသင်းက စာချုပ်ဖျက်သိမ်းပေးခဲ့ခြင်းဖြစ်သည်။ ဦးမျိုးလှိုင်ဝင်းသည် လက်ရွေးစင်အသင်းအဖြစ် ယခင်က မြန်မာ ယူ-၁၉ အသင်းကို ကိုင်တွယ်ခဲ့ဖူးပြီး မြန်မာ့လက်ရွေးစင်အသင်းကိုမူ ပထမဆုံးကိုင်တွယ် ခွင့်ရရှိခြင်းဖြစ်သည်။
ဦးမျိုးလှိုင်ဝင်းသည် ကစားသမားဘဝတွင် အာဆီယံဒေသတွင်း ထင်ရှားသည့် တိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့ပြီး ကစားသမားဘဝ တွင် ပြည်တွင်းကလပ်သာမက ပြည်ပကလပ်များတွင်ပါ သွားရောက်ကစားဖူးသူဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MFF