တောင်ကြီး စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၈ ရက် နံနက် ၁၀ နာရီခွဲက တောင်ကြီးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုရာ စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းကဏ္ဍအလိုက် သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီရေး၊ ရေရှည်တည်တံ့နိုင်ရေး၊ အချိန်မီပြီးစီးရေးအတွက် လုပ်ငန်းဆောင်ရွက်မှုများကို စနစ်တကျစီမံဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ပြီး နမ့်ဆီးကျေးရွာရှိ နောင်ဗုတ် သဘာဝရေထွက် ဧက(၅၀)ကန်မှ စီမံကိန်းအတွင်းရှိ ဂါလန်(၂)သိန်းဆံ့ ရေကန်သို့ ရေပို့ဆောင်ပေးနေမှုအား လည်းကောင်း၊ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နမ့်တဘက်ရေလွှဲဆည်သည် စီမံကိန်းအကျိုးပြု ဧရိယာ(ဧက) ၆၄၀၀ ဧက ဖြစ်၍ စိစစ်ပြီး အကျိုးပြု ဧရိယာ (ဧက)၅၈၉၇ ဧကဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများအတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် အကျိုးပြုလျက်ရှိကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့နယ် လေးမိုင်ကွေ့ - နောင်တလီ - ညိုမီး - နောင်ပနားဗွာ - လင်ကွင်း - ထီရီး(မွေးမြူရေးဇုန်) - ရွှေညောင်ကျေးရွာ ချင်းဆက်လမ်းပိုင်းသို့ ရောက်ရှိပြီး တာဝန်ရှိသူများမှ ဒေသတွင်း ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်ချောမွေ့စေရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့၊ ရှမ်းပြည်နယ်(တောင်ကြီး)မှ တာဝန်ရှိသူများက ကီလိုမီတာ (၇.၂၉.၆)အတွင်း မြေနိမ့်ရန် ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ယာဉ်သွားလာမှု လွယ်ကူမြန်ဆန်ရေး၊ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် လုပ်ငန်းများအား စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူအင်အား၊ စက်ယန္တရားများသုံးစွဲ၍ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


