နေပြည်တော် စက်တင်ဘာ ၁၀

အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ကော်မတီအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ ဖိတ်ကြားထားသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းမှ တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရေး အလားအလာကောင်းများ အများအပြားရှိသည့်အနက် ပုပ္ပါးတောင်ဒေသသည် အလားအလာ အကောင်းဆုံးဖြစ်သည့်အတွက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၆)ရက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့်ဘူမိ ဥယျာဉ်အဖြစ် ပုပ္ပါးတောင်အမျိုးသားဘူမိဥယျာဉ်ကို သတ်မှတ်ကြေညာပြီး ဖြစ်ပါကြောင်း၊ ၎င်းအား နိုင်ငံတကာ အသိအမှတ်ပြု ကမ္ဘာလုံးဆိုင်ရာ ဘူမိဥယျာဉ်အဖြစ် အသိအမှတ်ပြုခံရရေးအတွက် ယူနက်စကိုသို့ စာရင်းတင်သွင်းရာတွင် သဘောသဘာဝမတူညီသော ဘူမိနယ်မြေများလေ ပိုကောင်းလေဖြစ်သောကြောင့် တိကျသော နယ်နိမိတ်အဝန်းအတွင်း နောက်ထပ် ဘူမိနယ်မြေအသစ်များကို ဆက်လက်ဖော်ထုတ်ရာ ကနဦးဘူမိနယ်မြေ (၁၅)ခုနှင့် ဖွဲ့စည်းပြီး ပုပ္ပါးတောင်အမျိုးသားဘူမိဥယျာဉ်ကို အဆိုပြုနယ်မြေ (၁၅)ခုဖြင့် ထပ်မံတိုးချဲ့ပြင်ဆင် ဖွဲ့စည်းနိုင်ရေး အကောင်အထည်ဖော်ရာတွင် ကော်မတီဝင်များက ကဏ္ဍအလိုက် အသီးသီးတာဝန်ခွဲဝေ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ 

ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရပါက မြန်မာနိုင်ငံ၏ သယံဇာတကြွယ်ဝမှုနှင့် ယဉ်ကျေးမှုအမွှေအနှစ်များကို ကမ္ဘာ့နိုင်ငံများက ပိုမိုသိရှိလာပြီး ရှေးဟောင်းအမွှေအနှစ် ယဉ်ကျေးမှုသမိုင်း၊ ဇီဝမျိုးစုံမျိုးကွဲ သဘာဝအလှတရားများ တစ်စုတစ်စည်းတည်းကို ဘူမိဥယျာဉ်တွင် တွေ့ရှိရမည်ဖြစ်ပါကြောင်းနှင့် ကမ္ဘာ့အဆင့် ဘူမိဥယျာဉ်သတ်မှတ်နိုင်ရန် စီမံခန့်ခွဲရေးနှင့် သက်ဆိုင်သော ဌာနအဖွဲ့အစည်းများ၊ ပညာရပ်နှင့် သုတေသနဆိုင်ရာ အဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်နှင့် ကော်မတီအဖွဲ့ဝင်များမှ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ချက် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားကော်မတီအဆင့် ဘူမိဥယျာဉ်ဆိုင်ရာ အတွင်းရေးမှူး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းတိုးတက်မှုကိုလည်းကောင်း၊ တွဲဘက်အတွင်းရေးမှူး-၁ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဆိုပြုဘူမိနယ်မြေ (၁၅)ခု သတ်မှတ်ဖွဲ့စည်းနိုင်ရေးနှင့် ရန်ပုံငွေသုံးစွဲမည့် အစီအစဉ်ပြင်ဆင်နိုင်ရေးကိုလည်းကောင်း၊ တွဲဘက်အတွင်းရေးမှူး-၂ ဘူမိဗေဒနှင့် ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ယူနက်စကို တစ်ကမ္ဘာလုံးဆိုင်ရာ စိစစ်ရန်အချက် (၁၀၁)ချက် အကောင်အထည်ဖော်ရာတွင် ကော်မတီအဖွဲ့ဝင်များ၏ တာဝန်ခွဲဝေမည့် အစီအစဉ်များကိုလည်းကောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း Geopark ကော်မတီဥက္ကဋ္ဌက UNESCO Global Geopark Management ဆိုင်ရာများကို အသီးသီးရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ဆုံးဖြတ်ကြသည်။ 

သတင်းစဉ်