နေပြည်တော်၊ စက်တင်ဘာ ၁၀
အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း (၈၅)ကျောင်းတွင် သင်ကြားရေးတာဝန် ထမ်းဆောင်လျက်ရှိကြသည့် စိုက်ပျိုးရေးဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများအား သင်ကြားရေးနည်းပညာရပ်များနှင့် ရုံးလုပ်ငန်းများ ကျွမ်းကျင်မှုမြင့်မားစေရေး အထောက်အကူပြုသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးချုပ်၌ ကျင်းပပြုလုပ်သည်။
သင်တန်း၌ သင်ကြားရေးနည်းစနစ်နှင့် မေးခွန်းပြင်ဆင်ခြင်း၊ ပညာရေးဆိုင်ရာ စိတ်ပညာ၊ သင်ကြားရေးဆိုင်ရာ ဗီဒီယိုထုတ်လွှင့်ခြင်း၊ စဉ်ဆက်မပြတ် အကဲဖြတ်စိစစ်ရေးလုပ်ငန်းစဉ် ဆရာ ဆရာမများ၏ သွင်ပြင်လက္ခဏာများ၊ ကောင်းမွန်သော သင်ယူလေ့လာမှုဆိုင်ရာစံနှုန်း စသော ဘာသာရပ်များကို စက်တင်ဘာ (၁၀)ရက်မှ (၁၂)ရက်အထိ online မှ ပို့ချမည်ဖြစ်ပြီး သင်တန်းတွင် ဆရာ ဆရာမ (၂၃၈)ဦး တက်ရောက်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲ၌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက အမှာစကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူးချူပ် (နည်းပညာ) ဦးမျိုးဇော်က သင်ကြားရေးဆိုင်ရာ တာဝန်ယူထားကြသည့် ပညာရှင်ဝန်ထမ်းများ၏ သင်ကြားပို့ချမှုဆိုင်ရာ အရည်အသွေး မြင့်မားရေးအတွက် သင်တန်းဖွင့်လှစ် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ သင်တန်းနည်းပြများက သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ပို့ချပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


