ရန်ကုန် စက်တင်ဘာ ၁၀

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယမန်နှစ်ဆောင်းရာသီ၌ ဆီထွက်သီးနှံ ဧက  ၈၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီး ယခုနှစ်ဆောင်းရာသီတွင် ဧက ၁၉၈၇၂ စိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ လမ်းညွှန်မှုနှင့်အညီ တစ်နှစ်ထက်တစ်နှစ် ဆီထွက် သီးနှံများ တိုးချဲ့စိုက်ပျိုးသွားရန် ဆောင်ရွက်ရာ၌ ယခုနှစ်ဆောင်းရာသီတွင် နေကြာဆီ ထွက်သီးနှံအား လျာထားချက်ထက် ၁၀၉၆၉ ဧက တိုးချဲ့စိုက်ပျိုး သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ဆီထွက်သီးနှံများကို ခရိုင်ခုနှစ်ခုရှိ မြို့နယ်ပေါင်း ၁၄ မြို့နယ်တွင် နေကြာ၊ မြေပဲနှင့် နှမ်းကို အဓိကထား စိုက်ပျိုးသွားမည်ဖြစ်သည်။

 

“တိုင်းဒေသကြီးရဲ့ရာသီဥတုနဲ့ စိုက်ပျိုးမြေအပေါ်မှာမူတည်ပြီး ဆီထွက်သီးနှံကို တိုးချဲ့စိုက်ပျိုးနေပါ တယ်။ ဒေသနဲ့လိုက်လျောညီစွာ ဆီစားသုံးမှုဖူလုံအောင် တစ်နှစ်ထက် တစ်နှစ်တိုးချဲ့စိုက်ပျိုးဖို့ကြိုးပမ်း နေပါတယ်။ နေကြာကို စီမံချက်နဲ့အညီ ပထမဆုံးဧက ၄၀၈၃ ကျော်ကနေ စိုက်ပျိုးခဲ့တာ လာမယ့် ဆောင်းရာသီဆိုရင် ၈၉၆၉ ဧကကနေ တိုးချဲ့စိုက်ပျိုးဖို့ လျာထားဆောင်ရွက်နေပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ ဆီဖူလုံမှုက ၁ ဒသမ ၅၄ ပဲရှိပါသေးတယ်။ ဆီဖူလုံမှုရှိဖို့ တိုးချဲ့စိုက်ပျိုးပြီး ထုတ်လုပ်ရမယ့် သဘောပါ။ ဒါကြောင့် တစ်နှစ်ထက်တစ်နှစ်ရာသီအလိုက် တိုးချဲ့ဆောင်ရွက်ရာမှာ လာမယ့်ဆောင်းရာသီမှာ နေကြာစိုက်ဧက ပိုပြီးများလာမှာပါ”ဟု ရန်ကုန်တိုင်း‌ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောင်ညွှန်ကြားရေးမှူး ဒေါ်လှကြည်က ပြောသည်။

 

လာမည့်ဆောင်းရာသီတွင် မြေပဲ ၃၇၉၉ ဧက၊ နှမ်း ၅၁၀၄(ဆောင်း၊နွေ)ဧကနှင့် နေကြာ ၁၀၉၆၉ ဧက တိုးချဲ့စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိပြီး ဆီထွက် သီးနှံစိုက်ဧက စုစုပေါင်း ၁၉၈၇၂ ဧက စိုက်ပျိုးသွားမည်ဖြစ်သည်။ ဆောင်းဆီထွက်သီးနှံများ လျာထားချက်နှင့်အညီ အောင်မြင်ဖြစ်ထွန်း ထွက်ရှိရန် စိုက်ပျိုးရေးဦးစီးဌာအနေဖြင့် စိုက်ပျိုးတောင်သူများအား နည်းပညာများ ဖြန့်ဝေပေးသွား မည်ဖြစ်ပြီး အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များနည်းတူ နေကြာစီမံကိန်းတွင် တစ်နှစ်ထက် တစ်နှစ် တိုးချဲ့စိုက်ပျိုးလာလျက်ရှိရာ ယမန်နှစ်ဆောင်းရာသီ၌ နေကြာ ဧက ၄၀၀၀ ကျော်မှ ယခုနှစ် တွင် ဧက ၈၉၆၉ လျာထားခဲ့၍ ဧက ၁၀၉၆၉ အထိ တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးအတွင်း ဆောင်းရာသီနှင်းမှုန်းများအကြား နေကြာစိုက်ခင်းများဖြင့် ဝင်းဝါ စိမ်းစိုလှပ နေမည်ဖြစ်ပြီး စားသုံးဆီလိုအပ်မှုကို တစ်ဖက်တစ်လမ်းမှ ဖြည့်စွမ်းပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ - ကနူး

- ညိမ်းသူ(သတင်းစဉ်)