နေပြည်တော် စက်တင်ဘာ ၁၀
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ လျာထားခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းဆပ်ကော်မတီ တစ်ခုချင်းအလိုက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် လမ်း၊ တံတားနှင့် အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ လုပ်ငန်းဆပ်ကော်မတီဝင် များဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားရှိသည့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး လမ်း၊ တံတားနှင့် အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌများက On Line ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က သက်ဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီများ အနေဖြင့် စီမံကိန်းများ လျာထားဆောင်ရွက်ရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေခွင့်ပြုမှု အပေါ်အခြေခံပြီး လျာထားဆောင်ရွက်သွားကြရန်၊ မိမိတို့၏ လျာထားလုပ်ငန်းစီမံကိန်းများကို လုံခြုံရေး အခြေအနေအရ ဖြစ်နိုင်ခြေရှိ၊ မရှိ သုံးသပ်၍ လျာထားဆောင်ရွက်သွားကြရန်နှင့် ယခင် လုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ဆုံးဖြတ်ချက်များကို အထူးအလေးထား ဆောင်ရွက်သွားကြရန် လိုအပ်မည် ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း ပြီးစီးရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်၊ စီမံကိန်းလုပ်ငန်းများလျာထားခြင်းနှင့် အကောင်အထည်ဖော်ခြင်း များတွင် ထိရောက်သော ငွေကြေးသုံးစွဲမှုဖြစ်စေရေးနှင့် လုပ်ငန်းများ၏ အရည်အသွေးပြည့်ဝစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ လုပ်ငန်းဆပ်ကော်မတီဝင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလျာထားဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာနှစ် အလိုက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲ များ၊ အားသာချက်၊ အားနည်းချက်များနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြကြပြီး တက်ရောက် လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်း ပေါင်းစပ် ဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


