နေပြည်တော် စက်တင်ဘာ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ၂၀၂၄ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်တက်ရောက်ပြီး ယနေ့တွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိရာ ယူနန်ပြည်နယ်၊ ဒုတိယပြည် နယ်ရဲတပ်ဖွဲ့မှူး မစ္စတာလီလိနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကွမ်ကျိုးမြို့မှတစ်ဆင့် လျန်ယွင်ကန်မြို့သို့ရောက်ရှိပြီး ဟိုင်ကျိုး (Haizhou) Bayview Conference Center ၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနားနှင့် ဖိုရမ်သို့တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက ကာလရှည်ကြာ အကြမ်းဖက်မှုများနှင့် ပဋိပက္ခများကိုဖြစ်ပေါ်စေသော ရာဇဝတ်ဂိုဏ်း အုပ်စုများအား နိုင်ငံပေါင်းစုံပူးပေါင်းတိုက်ဖျက်ရေး၊ လူမှုဘဝတည်ငြိမ်ရေးနှင့် ပြည်သူတို့၏ အသက်အိုးအိမ်ဘေးကင်း လုံခြုံမှုရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေးနယ်ပယ်တွင် လက်တွေ့ဆန်သော ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်ရေး၊ သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို အတူတကွ တိုက်ဖျက်ရေးတို့ကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေး ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဝမ်ရှောင်ဟုန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံကာ နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန ထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် တရုတ်ယွမ် ၅ သန်းတန်ဖိုးရှိ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ အကူအညီပေးရေးစာလွှာတို့ကို နှစ်နိုင်ငံ ဝန်ကြီးများက လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လျန်ယွင်ကန်မြို့ရှိ ရဲလုပ်ငန်းခွင်ဆိုင်ရာပစ္စည်း ကိရိယာများနှင့် နည်းပညာပြပွဲသို့ သွားရောက်လေ့ လာကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ရေးနှင့် နှစ်နိုင်ငံဝန်ကြီးဌာနနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုများအပေါ် အပြုသဘောဆောင်သည့် ရလဒ်များကို ရရှိခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


