နေပြည်တော်    စက်တင်ဘာ     ၁၀

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ခေါင်းဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် H.E.Mr.Igor Krasnov ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပ ပြုလုပ်သည့်(၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (9th Eastern Economic Forum–EEF ) သို့ တက်ရောက်ခဲ့သည်။

 

စက်တင်ဘာ ၄ ရက်တွင် ကော်မရှင်ဥက္ကဋ္ဌ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို ဖိုရမ်၏ဆက်စပ် အစီအစဉ်အဖြစ် လက်မှတ်ရေးထိုးခဲ့သည်။

 

ယင်းအစီအစဉ်တွင် နှစ်နိုင်ငံအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ပညာရပ်ဆိုင်ရာ အရင်းအမြစ်များဖလှယ်နိုင်ခြင်း၊ နိုင်ငံတကာ အလေ့အထကောင်းများ သိရှိလေ့လာ ကျင့်သုံးနိုင်ခြင်းနှင့် ဝန်ထမ်းများအား ဘာသာရပ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းတို့ ပါဝင်သဖြင့်  လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးမှုများကို ရရှိလာစေနိုင်မည်ဖြစ်သည်။

 

စက်တင်ဘာ ၅ ရက်တွင် ကော်မရှင်ဥက္ကဋ္ဌသည် စွန့်ဉီးတီထွင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန်ရည်ရွယ်ကျင်းပသည့် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး အဂတိလိုက်စားမှုသည် မျှတစွာယှဉ်ပြိုင်နိုင်သည့် ဈေးကွက်စီးပွားရေးစနစ်၏ အဓိကပြဿနာ တစ်ရပ်ဖြစ်ကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းရန် စွန့်ဉီးတီထွင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများကို အပြည့်အဝအကာ အကွယ်ပေးရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုကို လုံးဝလက်သင့်မခံသည့် လူမှုအသိုက်အဝန်း ပေါ်ပေါက် လာစေရန်ရည်ရွယ်၍ မဟာဗျူဟာစီမံချက်များချမှတ်ပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၊ အသိပညာပေးရေးနှင့် စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းတို့ကို ထိရောက်စွာဆောင်ရွက် လျက်ရှိကြောင်း အဂတိလိုက်စားမှုကျူးလွန်သူများကို ဉပဒေနှင့်အညီ ထိရောက်စွာအပြစ်ပေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာတွင် ကဏ္ဍ အားလုံး ပူးပေါင်းပါဝင်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)