နေပြည်တော် စက်တင်ဘာ ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် ဖိတ်ကြားထားသူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မကြာခင် အဆင့်မြင့်ပညာဦးစီးဌာနနှင့် ဆရာ အတတ်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စာမေးပွဲများ ကျင်းပပြုလုပ်တော့မည်ဖြစ်၍ စာမေးပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် စာမေးပွဲ လုပ်ထုံးထုပ်နည်းများနှင့်အညီ စနစ်တကျ ကျင်းပဆောင်ရွက်နိုင်ရန် အလေးထား ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း၊ စာမေးပွဲမေးခွန်းများ ပြုစုဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာ ပါမောက္ခများက သေချာစွာကြီးကြပ်၍ အမှားအယွင်းများကင်းအောင် အလေးထား ဆောင်ရွက်ကြရန်နှ်င့ စာမေးပွဲများ ကျင်းပပြုလုပ်ရာတွင် စာမေးပွဲ လုပ်ထုံးလုပ်နည်းများနှင့် အညီ ကျင်းပပြုလုပ်နိုင်အောင် သက်ဆိုင်ရာ ပါမောက္ခချုပ်များ၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူ ဆရာ ဆရာမများ၊ ဝန်ထမ်းများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ စာမေးပွဲစစ်ဆေးခြင်းကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့၏ ကျောင်းတက်ရောက်မှု၊ လက်တွေ့ခန်းဝင်ရောက်မှု၊ နောက်ဆုံးနှစ် ကျောင်းသားများ၊ ဘွဲ့လွန်ကျောင်းသားများ၏ Project Paper၊ Term Paper များ ဆောင်ရွက်မှု စာမေးပွဲအဖြေလွှာ စစ်ဆေးမှုစသည့် ကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်း ဘက်လိုက်မှု မရှိစေရေး သမာသမတ်ရှိစေရေး စောင့်ထိန်းလိုက်နာ ဆောင်ရွက်ကြရန် အရေးကြီးကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပညာရေးလုပ်ငန်းများဆောင်ရွက် ရာတွင် နေရာဒေသအလိုက် မိုးလေဝသသတင်းအခြေအနေကို ဂရုစိုက်ဆောင်ရွက်ရန်၊ မိုးတွင်း ကာလဖြစ်၍ ကျောင်းသား ကျောင်းသူများ ရာသီတုပ်ကွေးအန္တရာယ်မှ ကင်းဝေးစေရေး အထူးဂရုစိုက် ဆောင်ရွက်ရန် ပြောကြားသည်။
ယင်းနောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းနှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က တက္ကသိုလ်များ၊ အခြေခံပညာ ကျောင်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


