ကျောက်ပန်းတောင်း စက်တင်ဘာ ၁၂

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပား-တောင်ကလပ်သွားကားလမ်း အောင်သိန္ဓိကုန်းမှ တောင်ကလပ်သို့အဆင်းတွင် မိုးရက်ဆက်ရွာသွန်းမှုကြောင့် ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က လမ်း၏ဘယ်ဘက်ခြမ်း မြေထိန်းနံရံပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မြေထိန်းနံရံပြိုကျသည့်နေရာသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ရာ မြေထိန်းနံရံပြိုကျသည့် နေရာသည် ပုပ္ပား-တောင်ကလပ် သွားကားလမ်း မိုင်တိုင်အမှတ် (၁၈/၀)၊ တောင်ကလပ် အဝင်လမ်း အောင်သိန္ဓိကုန်းအဆင်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေထိန်းနံရံ ပြိုကျခြင်းဖြစ်ပြီး ကတ္တရာလမ်း အလျား (၂၃)ပေခန့် ပဲ့ကျသွားခဲ့ကြောင်း၊ အဆိုပါလမ်းပိုင်းတွင် မော်တော်ယာဉ်များ သွားလာပါက ထပ်မံပြိုကျနိုင်သဖြင့် မော်တော်ဆိုင်ကယ်များသာ သွားလာ၍ရနိုင်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လမ်းဦးစီးဌာနမှ ယာယီလမ်းပိတ်ဆို့ထားကြောင်း သိရသည်။

 

မြေထိန်းနံရံပြိုကျမှုကြောင့် လူနှင့် တိရစ္ဆာန်၊ အဆောက်အဦများ ထိခိုက်မှုမရှိကြောင်းနှင့် အဆိုပါ လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်အသုံးပြုနိုင်ရေး မြို့နယ်လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)