စက်တင်ဘာ ၁၂

ဖိလစ်ပိုင်နိုင်ငံတွင် မိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် ယင်းရောဂါဖြင့်သေဆုံးသူဦးရေ ဆက်လက်မြင့်တက်လျက်ရှိကြောင်း ကျန်းမာရေးဌာန ( ဒီအိုအိတ်ချ် ) က ယနေ့တွင်ပြောသည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၀၈၉၆၅ ဦးရှိရာလွန်ခဲ့သောနှစ် အလားတူကာလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုထက် ၆၈ ရာခိုင်နှုန်းပိုမိုများပြားခဲ့သည်။ ထိုကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုဖြင့် သေဆုံးသူ ၅၄၆ ဦး ရှိသည်ဟု သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ဖိလစ်ပိုင်နိုင်ငံတွင် ဖြစ်ပွားလေ့ရှိသည်။ ရာသီဉတုအခြေအနေများပြောင်းလဲဖောက်ပြန်ခြင်း၊ ရေကြီးရေလျှံခြင်းနှင့် ရေများသန့်ရှင်းမှုမရှိခြင်းတို့ကြောင့် မိုးရာသီစတင်သော ဇူလိုင်လမှ အောက်တိုဘာလအထိ သွေးလွန်တုပ်ကွေးရောဂါအပါအဝင် ရေမှတစ်ဆင့်ပေါက်ဖွားသောကူးစက်ရောဂါများ ဖြစ်ပွားလေ့ရှိသည်။

ငှက်ပျောပင်များကဲ့သို့သောအချို့သောအပင်များ၊ နေအိမ်ဝန်းကျင်ရှိပုံးများ၊ အဖုံးဖွင့်အိုးများ၊ ရေဝပ်ရေသေများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားစေသည့်ခြင်များပေါက်ဖွားကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို