နေပြည်တော် စက်တင်ဘာ ၁၂
၂၀၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများနှင့် နှီးနွယ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဗဟိုကော်မတီဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အသင်းဌာနချုပ်မှ လက်ထောက် အထွေထွေအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ၊ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီတို့မှ တာဝန်ရှိသူများ၊ ထူးချွန်ဆုရရှိသူများနှင့် ကြက်ခြေနီ စေတနာ လုပ်အားရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို လူသားချင်း စာနာစိတ်အပြည့်ဖြင့် ရှေးဦးပြုစုခြင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ပေးရုံသာမက နိုင်ငံအတွင်း လူမှုကရုဏာ ဆိုင်ရာ အကူအညီ လိုအပ်သူများအတွက် အကူအညီများပေးခြင်း၊ သဘာဝဘေးအန္တရာယ် အမျိုးမျိုးတွင် ကူညီဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ခြင်း၊ စေတနာ သွေးလှူရှင်လုပ်ငန်းများနှင့် အရေးပေါ် လူနာတင်ယာဉ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအပြင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများ၊ မိုခါမုန်တိုင်းကြိုတင် ပြင်ဆင်တုံ့ပြန်ခြင်း လုပ်ငန်းများတွင်လည်း ပြည်သူလူထုအတွက် စွမ်းစွမ်းတမံ အသက်စွန့်ပြီး ဆောင်ရွက်ပေးလျက် ရှိကြောင်း။
ထို့ပြင် မကြာမီက ဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားသောတိုင်းဒေသကြီး၊ ပြည်နယ်များ၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသည့် ကာလများတွင်လည်း ကာကွယ်တားဆီးခြင်းနှင့် တုံ့ပြန်ခြင်းလုပ်ငန်းများအဖြစ် အသင်းတွင်ရှိသည့် ကြက်ခြေနီ စေတနာ လုပ်အားရှင်များက ရပ်ရွာအတွင်း အသိပညာပေးခြင်း၊ လက်ကမ်းစာစောင် ဝေငှခြင်း၊ လူနာများအား ဆေးရုံဆေးခန်းများသို့ပို့ ဆောင်ပေးခြင်း၊ ကလိုရင်း ဆေးခတ်ရာတွင် ကျန်းမာရေးဌာနနှင့်အတူ ကူညီဆောင်ရွက်ပေးခြင်း၊ ဓာတ်ဆားထုပ်များနှင့် ကလိုရင်းဆေးမှုန့်များ ထောက်ပံ့ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အပြင် ယခုမျောက် ကျောက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင်လည်း ပြည်သူလူထုအတွက် ကူညီဆောင်ရွက်ပေးနေသည်ကို တွေ့မြင်ရပါကြောင်း။
ကြက်ခြေနီ မောင်မယ်တို့ အနေဖြင့် မိမိတို့ပိုင်နိုင်စွာ တတ်ကျွမ်းထားသည့် ရှေးဦး ပြုစုခြင်း နည်းစနစ်များကို အများပြည်သူအားလုံး လက်လှမ်းမီ သိရှိသင်ယူ နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ကြရန်၊ ရှေးဦးပြုစုခြင်း ပြိုင်ပွဲကနေ ရရှိသည့် အတွေ့အကြုံ ကောင်းများ ကို မိမိတို့၏ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြန်လည်ပြီး မျှဝေပေးကြရန်၊ လူမှုကရုဏာ ဆိုင်ရာ အကူအညီ လိုအပ်သော ပြည်သူတိုင်းအတွက် ကြက်ခြေနီ၏ အခန်းကဏ္ဍကနေ သက်ဆိုင်ရာ ဝန်ကြီးဌာန အားလုံးနှင့် တက်ညီလက်ညီ စုပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က ကမ္ဘာ့ရှေးဦး ပြုစုခြင်းနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Head of Myanmar Delegation Ms. Nadia Christine Khoury နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ First Aid and Pre – Hospital Emergency Care Delegate Mr. Andrew Mok Yuan Min တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြကာ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်း (တစ်ဦးချင်း-အမျိုးသား) စွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများနှင့် တံခွန်စိုက်ဆု ရရှိသော တိုင်းဒေသကြီး/ ပြည်နယ်အား ဆုများ ပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ မြန်မာ နိုင်ငံဆေး ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆရာဝန်များ အသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် IFRC Head of Myanmar Delegation တို့က ဆုများ ဆက်လက်ပေးအပ်ချီးမြှင့်ကြသည်။
အခမ်းအနား အပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော ပြခန်းအား လှည့်လည်ကြည့်ရှု အားပေးကြသည်။
ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသားကြက်ခြေနီနှင့် လခြမ်းနီအသင်းဝင် နိုင်ငံပေါင်း (၁၉၁) နိုင်ငံတွင် နှစ်တစ်နှစ်၏ စက်တင်ဘာလ ဒုတိယပတ် စနေနေ့ကို ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ် အခမ်းအနားများ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း အနေဖြင့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၀၀၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် (၂၂)ကြိမ်မြောက် အဖြစ် ကျင်းပခြင်းဖြစ်ကြောင်းနှင့် ယခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်း နေ့ဆောင်ပုဒ်မှာ “အားကစားအတွက် အမြဲကူညီ ရှေးဦးပြုစုခြင်း အသင့်ရှိသည်”“First Aid and Sports Ready, Set, Respond” ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


