နေပြည်တော် စက်တင်ဘာ ၁၂
ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းဆပ် ကော်မတီ၏ (၂/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးအမှတ် (၃၆-ခ) အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ လူမှု ဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းဆပ်ကော်မတီ အဖွဲ့ဝင်များတက်ရောက်ကြပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး လုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူး များက Online ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် လျာထားစီမံကိန်းများနှင့်စပ်လျဉ်း၍ သက် ဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီဝင်များအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် ပြည်နယ်၊ တိုင်းဒေသကြီး အလိုက် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများထပ်နေ ခြင်းရှိ၊ မရှိ၊ ဆောင်ရွက်ရန်လို၊ မလို၊ မဖြစ်မနေ အမြန်ဆောင်ရွက်ရန်လုပ်ငန်းများ၊ ဦးစီးဌာနများ ပေါင်းစပ်ဆောင်ရွက်သင့်သည့် စီမံကိန်းလုပ်ငန်းများကို ဆွေးနွေးပေးစေလိုကြောင်း၊ ယခုလို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည့်အတွက် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ထိထိရောက် ရောက် မြန်မြန်ဆန်ဆန် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည်ဖြစ်သကဲ့သို့ မြေပြင်တွင် တွေ့ကြုံ ရသည့် အခက်အခဲများကို အလွယ်တကူ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် လုပ်ငန်းဆပ်ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည်တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်သို့ သွားရောက်၍ စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် ကွမ်းခြံစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၏ မိုးစပါးစိုက်ဧက (၁၁၉) ဧက ရေကြီးနစ်မြုပ်နေမှုနှင့် အလယ်ကျွန်း၊ ပေါက်မြိုင်၊ အောင်သုခ၊ ရှမ်းရွာ၊ ဗိုလ်ကတော်၊ ဇီးဖြူတန်းကျေးရွာ (၆) ရွာမှ အသင်း သားတောင်သူများ၏ မိုးစပါးစိုက်ဧက စုစုပေါင်း (၈၄၅) ဧက ရေကြီးနစ်မြုပ်နေမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးပြီး အသင်းသားတောင်သူများနှင့်တွေ့ဆုံကာ ရေကျချိန်အပေါ်မူတည်၍ လိုအပ်သည့် အကူအညီများပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကွမ်းခြံရွာ၊ လက်ပံကုန်းရွာတို့မှ ရေဘေးဒုက္ခသည်များအား ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး၍ ရေဘေးဒုက္ခသည်များ ယာယီထားရှိမည့် သရက်တောဘုန်းကြီးကျောင်း တိုက်နှင့် ဂိုင်းတောင်ဘုန်းကြီးကျောင်းများ၌ လိုအပ်သည်များကို ကူညီပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


