နေပြည်တော် စက်တင်ဘာ ၁၂
မြန်မာ့လယ်ယာထွက်ကုန်များ၏ ထောက်ပံ့ပို့ဆောင်မှုကွင်းဆက် စီမံခန့်ခွဲမှုစနစ် သင်တန်းဆွေးနွေးပွဲ “Training Workshop on Agriculture Supply Chain Management System in Myanmar” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းမင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနတာဝန်ရှိသူများ၊ သင်တန်းပို့ချမည့် ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးနည်းပညာသစ်များ တိုးမြှင့်ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်မှု ကွင်းဆက်တစ်လျှောက် စီမံခန့်ခွဲမှုနည်းလမ်းများကို စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးအခြေခံ ပို့ကုန်ကဏ္ဍတိုးမြှင့်နိုင် ရေးနှင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုနိုင်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များကို ကုန်သွယ်ရာတွင် ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့က ပြဋ္ဌာန်းထားသော ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ခြင်းဖြင့် ကုန်သွယ်မှုကျသင့်ငွေကို ပျမ်းမျှ ၁၄ ဒသမ ၃ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်မည်ဖြစ်ကြောင်း။
ထောက်ပံ့မှုကွင်းဆက်တစ်လျှောက် လွယ်ကူချောမွေ့မြန်ဆန်စေရန် Single Window ကို အကောင်အထည်ဖော်ဆောင်ခြင်း၊ ကုန်စည်ရွေ့လျားခြင်းနှင့် အကောက်ခွန် ရှင်းလင်းခြင်း၊ ပုပ်သိုးလွယ်သောကုန်စည်များ အပါအဝင် ဆုံးရှုံးနိုင်ခြေရှိသည့် ကုန်စည်များအတွက် စီမံခန့်ခွဲခြင်းစသော အချက်များက ထောက်ပံ့မှုကွင်းဆက်တစ်လျှောက် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန် ချောမွေ့စေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းမြင့်နှင့် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညီညီအောင်တို့က လယ်ယာကဏ္ဍဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ဆက်စပ်ဌာန အဖွဲ့အစည်းများ သိရှိရမည့် အခြေခံစည်းမျဉ်းများနှင့် နိုင်ငံတကာမှကျင့်သုံးသည့် အလေ့အထများနှင့် ထောက်ပံ့မှု ကွင်းဆက်တစ်လျှောက်စီမံခန့်ခွဲသည့် မဟာဗျူဟာမြောက်နည်းလမ်းများကို ပို့ချဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


