ရန်ကုန် စက်တင်ဘာ ၁၂
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ ရောက်ရှိပြီး Synthetic ပြေးလမ်းပါဘောလုံးကွင်းနှင့် ဝူရှူးအားကစားလေ့ကျင့်ရေးရုံ ကြမ်းခင်း ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဘဏ္ဍာရေးနှစ်မကုန်မီ ပြီးစီးအောင်ဆောင်ရွက်သွားရန် မှာကြားသည်။
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ဝူရှူးအားကစားရုံ ကြမ်းခင်းများမှာ နှစ်ကာလ ကြာမြင့်မှုကြောင့် ပျက်စီးလျှက်ရှိ၍ (၂၀၂၄-၂၀၂၅) ခွင့်ပြုရန်ပုံငွေကျပ် (၄၀၁)သန်း ဖြင့် နှစ်ထပ် ပျဉ်းကတိုး လျှာထိုးကြမ်းခင်းအဖြစ် ပြုပြင်သွားမည်ဖြစ်ပြီး ပြုပြင်ပြီးစီးပါက ဝူရှူးဆန်းဆိုနှင့် ဝူရှူး ထောက်လုအားကစားနည်းနှစ်မျိုးလုံးမှ သင်တန်းသား သင်တန်းသူများကို လေ့ကျင့် ပေးနိုင်မည်ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ B.Sc (Sports) သင်တန်းသား၊ သင်တန်းသူအိပ်ဆောင်များကိုလည်းကောင်း၊ ထမင်းစားဆောင်နှင့် ထမင်းချက်ဆောင်တို့ကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ တက္ကသိုလ် ကျောင်းသား အဆင့်နှင့်အညီ ဖြစ်စေရေးအတွက် လိုအပ်သည်များကို ပြုပြင်ပေးနိုင်ရေးမှာကြားပြီး ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံနှုတ်ဆက်၍ အားကစားကဏ္ဍ တိုးတက်လာရေးအတွက် အားထားရမည့် အားကစားပညာရှင် များဖြစ်အောင်ကြိုးစားကြရန်၊ တတ်မြောက်ထားသည့် ပညာဖြင့် အားကစားတိုးတက်မြင့်မားရေး လုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန် မှာကြားသည်။
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနသည် အားကစားသိပ္ပံပညာနားလည် တတ်ကျွမ်းသည့် အားကစားပညာရှင်များ မွေးထုတ်ပေးနိုင်ရေးအတွက် ရန်ကုန်မြို့ရှိ ဒဂုံတက္ကသိုလ်နှင့် မန္တလေးမြို့ရှိ ရတနာပုံတက္ကသိုလ်တို့တွင် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ B.Sc(Sports) ဘာသာရပ်ကို လက်ခံသင်ကြားပေးလျှက်ရှိပြီး သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသော တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို စိစစ်လက်ခံ၍ နိုင်ငံတော်၏ စရိတ်ကျခံမှုဖြင့် လက်ခံ သင်ကြားပေးလျက် ရှိသည့်အပြင် လာမည့်ပညာသင်နှစ်တွင် Nay Pyi Taw State Academy ၌ တိုးချဲ့လက်ခံ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


