နေပြည်တော် စက်တင်ဘာ ၁၂

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲကို ယနေ့မွန်းလွဲ(၁)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု သန်းခေါင်စာရင်း ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ကောက်ကွက် ပေါင်း(၁၄၀၀၀)ကျော်ဖြင့် ဖွဲ့စည်း၍ စာရင်းစစ်၊ စာရင်းကောက် (၅၄၀၀)ကျော်ဖြင့် ကောက်ယူရန်လျာထားကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အိမ်ထောင်စုမေးခွန်း ပုံစံအတွက် မေးခွန်း(၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံ အတွက်မေးခွန်း(၁၈)ခုဖြင့် တစ်အိမ် တက်ဆင်းကောက်ယူမည်ဖြစ်ရာ ပြည်သူများအနေဖြင့် မေးခွန်းများကို မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်အသိပေးရှင်းလင်း ချပြထားရန် လိုအပ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့်စပ်လျဉ်း၍ ၂၀၁၃ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေကို သိရှိနားလည်ထားကြရန် လည်း လိုအပ်ကြောင်း။

သန်းခေါင်စာရင်းမှရရှိသော ကိန်းဂဏန်းအချက်အလက်များသည် နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် စီမံကိန်းများရေးဆွဲချမှတ်ရာ တွင် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အချက်အလက်မှန်ကန်ရေးသည် အဓိကကျပါကြောင်း၊ ထို့ပြင် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာတွင်လည်း မြေပြင်ကွင်းဆင်းကောက်ယူရရှိသည့် စာရင်းအချက်အလက်များနှင့် တိုက်ဆိုင်၍ နှိုင်းယှဉ် သုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းသည် ပြည်သူအားလုံး ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည့် အမျိုးသားရေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်နှင့်အညီ အားလုံးကတက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီး အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ကွင်းဆင်း ကောက်ယူဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။ 

ယင်းနောက် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုး က ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာ ရင်းတို့မှရရှိသည့် သန်းခေါင်စာရင်းအချက်အလက်များအပေါ် အခြေခံ၍ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုဆောင်ရွက်နိုင်ရေးအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြပြီး သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ရုပ်မြင်သံ ကြား Channel များတွင် ထုတ်လွှင့်ပြသလျက်ရှိသည့် ပြည်သူလူထုအသိ ပညာပေး TV Spot များကိုပြသသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက လက်ခံရယူပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည်  ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမည့်ပစ္စည်းများ ခင်းကျင်း ပြသထားမှုကို ကြည့်ရှုအားပေးကြသည်။ 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပုသိမ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း  ရတနာတန်ဆောင်ခန်းမ၌ ဖွင့်လှစ်လျက်ရှိသည့် ပုသိမ်ခရိုင် သန်းခေါင်စာရင်းဆိုင်ရာ ခရိုင်အဆင့် နည်းပြသင်တန်းသို့ သွားရောက်၍ ပြည်ထောင်စုဝန်ကြီးက နည်းပြသင်တန်းမှ ဆွေးနွေးပို့ချချက်များနှင့် မိမိတို့၏အတွေ့အကြုံ ဗဟုသုတများ ပေါင်းစပ်ကာ စာရင်းစစ်၊ စာရင်းကောက်များအပေါ် ဆင့်ပွားပို့ချဆွေးနွေးနိုင်ရေးနှင့် ကြုံတွေ့လာသည့် အခက်အခဲများအပေါ် အထက်အဆင့် ဆင့်သို့ တင်ပြဆောင်ရွက်ရေးမှာကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်း ပြောကြားသည်။
 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် သန်းခေါင် စာရင်းကောက်ယူခြင်းဆိုင်ရာမေးခွန်းများ နှင့်ပတ်သက်သည့် သင်ခန်းစာများကို ဆွေးနွေး ပို့ချနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး  လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိသည်။

သတင်းစဉ်