ရန်ကုန် စက်တင်ဘာ ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ် ဝင်ဒမ် ဂရမ်း ရန်ကုန်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် CITIC Myanmar နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(China Foundation For Rural Development-CFRD) တို့ ပူးပေါင်းကျင်းပသော CITIC Star Scholarship ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms.Ma Jia ၊ CITIC Star Myanmar မှ Mr. Liang Chuan Xin ၊ China Foundation For Rural Development မှ  Mr.Chen Hongtao၊  နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါ်စန္ဒာနိုင်၊ တရုတ်ယဉ်ကျေးမှုစင်တာမှ တာဝန်ရှိသူများ၊ ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်း၊ မြန်မာ-တရုတ် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပညာသင်ဆုရ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်‌ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူတို့သည် CITIC Myanmar မှ ဆောင်ရွက်လျက်ရှိသော လူမှုအကျိုးပြုမှတ်တမ်းများ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုသည်။ 

ထို့နောက် CITIC Group မှ ဆောင်ရွက်ခဲ့သော လူမှုအကျိုးပြုလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ဗွီဒီယိုကလစ်ဖြင့် ပြသသည်။

အခမ်းအနားတွင် CITIC Myanmar မှ မန်နေဂျင်းဒါရိုက်တာ Mr. Liang Chuan Xin ၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ၊ China Foundation For Rural Development မှ Mr. Chen Hongtao ၊ နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါ်စန္ဒာနိုင်တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများက ပညာသင်ဆုရ နိုင်ငံခြားဘာသာတက္ကသိုလ် နှင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တို့မှ ကျောင်းသား၊ ကျောင်းသူတို့ကို ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပညာသင်ဆုရရှိသော ကျောင်းသားနှစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက တရုတ်-မြန်မာ နှစ်နိုင်ငံယဉ်ကျေးမှု အက တို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် CITIC Myanmar နှင့် China Foundation For Rural Development တို့မှ တာဝန်ရှိသူနှစ်ဦးသည်  Strategic Agreement ကို လက်မှတ်ရေးထိုးကြပြီး တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။

CITIC Myanmar သည် ၂၀၁၅ ခုနှစ်မှစ၍ တရုတ်နိုင်ငံ ကျေးလက်‌ဒေသဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းနှင့် ဒေသခံအဖွဲ့အစည်းတို့ဖြင့်ပူးပေါင်း၍ လူမှုအကျိုးပြု စီမံကိန်းများကို ဆောင်ရွက်ခဲ့ကြပြီး CITIC Star Scholarchip ပညာသင်ထောက်ပံ့ ကြေးအစီအစဉ်တွင်လည်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ပညာရေးဆုံးခန်း တိုင် ပြီးမြောက်‌စေရန်အတွက် ငွေကြေးအထောက်အပံ့နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတွင် အထောက်အကူဖြစ်စေရန်  ၂ နှစ် ထောက်ပံ့ပေးလျက်ရှိသည်။ CITIC Myanmar အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ငွေကြေးထောက်ပံ့မှုအပြင် အလုပ်အကိုင် အခွင့်အလမ်းများရရှိရန် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆို ပါ စီမံကိန်းအား China Foundation For Rural Development မှ အကောင်အထည်ဖော်‌ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်