နေပြည်တော်   စက်တင်ဘာ ၁၃

 

မြန်မာ့လယ်ယာ ထွက်ကုန်များ၏ ထောက်ပံ့ပို့ဆောင်မှုကွင်းဆက် စီမံခန့်ခွဲမှုစနစ် သင်တန်း ဆွေးနွေးပွဲ “Training Workshop on Agriculture Supply Chain Management System in Myanmar” ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်() စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနား သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီဥက္ကဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ဌာနတာဝန်ရှိသူများ၊ သင်တန်းပို့ချမည့် ဆရာ ဆရာမများ၊ အဆင့်မြင့်အရာရှိများနှင့် သင်တန်းသား သင်တန်းသူ(၄၀) တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီး ‌ဒေါက်တာတင်ထွဋ်က  နိုင်ငံတကာမှ ဆောင်ရွက်လျက်ရှိသည့် လယ်ယာစိုက်ပျိုးရေး ဆိုင်ရာထောက်ပံ့ ပို့ဆောင်ရေး ကွင်းဆက်တစ်လျှောက် စီမံခန့်ခွဲမှုနည်းလမ်းများ၊ နည်းဗျူဟာများကို သိရှိစေရန်နှင့် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်ပြီး ယနေ့သင်တန်းကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမင်းမင်းက Trade Facilitation Agreement တွင် အဖွဲ့ဝင်များအနေဖြင့် လိုက်ပါ အကောင် အထည်ဖော်ဆောင်ရွက်ရမည့် အစီအမံများအနက် ထောက်ပံ့မှုကွင်းဆက် တစ်လျှောက် လွယ်ကူ ချောမွေ့မြန်ဆန်စေရန် Single Window အား အကောင်အထည် ဖော်ဆောင်ခြင်း၊ ကုန်စည် ရွေ့လျားခြင်းနှင့် အကောက်ခွန်ရှင်းလင်းခြင်း၊ ပုပ်သိုးလွယ်သောကုန်စည်များ အပါအဝင် ဆုံးရှုံးနိုင်ခြေရှိ သည့် ကုန်စည်များအတွက် စီမံခန့်ခွဲခြင်း စသော အချက်များက ထောက်ပံ့မှုကွင်းဆက်တစ် လျှောက် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန် ချောမွေ့စေမည်ဖြစ်ကြောင်း ပြောကြားသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တို့ပူးပေါင်းဆောင်ရွက်သည့် အဆိုပါသင်တန်းတွင် လယ်ယာကဏ္ဍဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဆက်စပ်ဌာနအဖွဲ့အစည်းများသိရှိရမည့် အခြေခံစည်းမျဉ်း များ၊ နိုင်ငံတကာမှ ကျင့်သုံးသည့် အလေ့အထများ နှင့် ထောက်ပံ့မှုကွင်းဆက်တစ်လျှောက် စီမံခန့်ခွဲသည့် မဟာဗျူဟာမြောက် နည်းလမ်းများကို စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာ ကြည်၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းမြင့်၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညီညီအောင် တို့က ပို့ချဆွေးနွေးကြကြောင်း သတင်းရရှိသည်။  

(သတင်းစဉ်)